မကွေးတိုင်း အောင်လံမြို့နယ် သပြေပင်ကျေးရွာအုပ်စုက တောင်သူ ၃၅ ဦးက ချေးငွေကို အရစ်ကျပေးချေခွင့်ပြုဖို့ မတ် ၂၂ ရက် ကြာသပတေးနေ့မှာ သမ္မတဆီ အသနားခံစာ တင်ပြကြပါတယ်။
၂၀၁၁ ခုနှစ်မှာ မြေဩဇာ ဈေးကြီးမြင့်မှု၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ သီးနှံအထွက်နှုန်း ကျဆင်းမှုကြောင့် ချေးငွေ ပြန်မဆပ်နိုင်တာကြောင့် ၂၀၁၂ ကျမှ အရစ်ကျပြန်ဆပ်ဖို့ တောင်သူတွေ တောင်းဆိုတာပါ။
စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးတဲ့ မြို့နယ်က မြန်မာ့စိုက်ပျိုးရေးဘဏ်နဲ့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တွေက မဖြစ်မနေ ပြန်ဆပ်ဖို့ တောင်းခံနေလို့ သမ္မတထံ အကူအညီ တောင်းကြတာလို့ သပြေပင်ရွာ တောင်သူတဦးက ပြောပါတယ်။
“လောလောဆယ် အနေအထားက ၂၀၁၁ ခုနှစ်က စိုက်ပျိုးထားတဲ့ သီးနှံတွေက ဘယ်လိုမှ မထွက်၊ ၂၀၁၂ မှာ စိုက်ပျိုးရမယ့် စရိတ်တွေကျတော့လည်း မရှိဘူးပေါ့လေ။ မိုးဦးသီးနှံကလည်း ဘယ်လိုမှ အဆင်မပြေတဲ့အတွက် အခု အခက်အခဲတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ အခု အသနားခံစာ တင်ထားတာပါ။ ၂၀၁၁ ခုနှစ်က ချေးထားတဲ့ ချေးငွေတွေ အတွက်နဲ့ ၂၀၁၂ ခုနှစ် စိုက်ပျိုးစရိတ် သီးနှံတွေ ပထမသီးနှံ မိုးဦးသီးနှံ ထွက်ရှိမှ တရစ်၊ နောက်တခါ ဆောင်းသီးနှံထွက်ရှိမှ တရစ်၊ အရစ်ကျ စနစ်လေးနဲ့ ကျမတို့က ဆပ်ပေးချင်တယ် ရှင့်။”
လက်ရှိကာလ ကုန်ကျစရိတ်တွေအရဆို လယ် ၁ ဧကကို စိုက်စရိတ် ၁သိန်းခွဲလောက် ကျသင့်ပေမယ့် ဘဏ်တွေက ၁ သောင်းသာ ထုတ်ချေးပါတယ်။ ဒါကြောင့် ငွေလိုတဲ့ လယ်သမားဟာ အပြင်ကနေ အတိုးနှုန်း ကြီးကြီးနဲ့ ချေးယူစိုက်ပျိုးရပြီး အတိုးပြန်ဆပ်နေရလို့ ဘဏ်တွေကို ပြန်ဆပ်ဖို့ အခက်အခဲ ရှိနေတာလို့ အဲဒီတောင်သူက ပြောပါတယ်။
တောင်သူတွေအနေနဲ့ ဒီလို တောင်းဆိုခြင်းအားဖြင့် နိုင်ငံတော်သမ္မတက စဉ်းစားပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း လယ်သမားအရေး ဆောင်ရွက်သူ ဦးသန်းစိုးက ပြောပါတယ်။
“ထောင်စုနှစ် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုလည်းပဲ မြန်မာနိုင်ငံအစိုးရဟာ ဆောင်ရွက်နေတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒါကြောင့်မို့ ထောင်စုနှစ် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုလည်း ထိခိုက်သွားမှာ စိုးတဲ့အတွက် တောင်သူတွေ လယ်ယာလုပ်ငန်းခွင် ပျက်စီးမယ့်ကိစ္စကိုတော့ နိုင်ငံတော် သမ္မတကြီးက လုပ်မယ် မထင်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတော် သမ္မတအထိ အသနားခံစာ တင်တာပါ။ အိမ်မှာလည်း နွားနဲ့ကျွဲပဲ ရောင်းပေးစရာ ရှိတော့တယ်။ ၂၀၁၂ ခုနှစ် ရင်းနှီးဖို့လည်း မရှိတော့ဘူး။ ဒါကြောင့်မို့ နိုင်ငံတော်သမ္မတအနေနဲ့ ဒါကို အထူး ဂရုစိုက်ပြီးတော့ စဉ်းစားလိမ့်မယ်လို့ ထင်တယ်။”
သမ္မတဆီတင်တဲ့ အသနားခံစာကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်/ဆည် ဝန်ကြီးဌာန တို့ဆီကိုလည်း မိတ္တူပေးပို့ခဲ့ထားပါတယ်။











