
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၃၂/ ၀နှင့်၁ အကြားမှာ စက်တင်ဘာ ၂၃ ရက် မနက် ၇ နာရီခွဲလောက်က လမ်းဖြတ်ကူးလာသူတဦး အိမ်စီးကားနဲ့ တိုက်မိပြီး သေဆုံးခဲ့ပါတယ်။
ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ် ရုံးပင်ကန်ရွာနေ အသက် ၇၀ အရွယ် ဦးထွန်းဝင်းက အမြန်လမ်းမကြီး အရှေ့မှအနောက်ဘက်ကို လမ်းဖြတ်ကူးနေစဉ် နေပြည်တော်ကနေ မန္တလေးဘက် ဦးဇော်တင် မောင်းလာတဲ့ MAZDA DEMIO အမျိုးအစားကားနဲ့ တိုက်မိလို့ အခင်းဖြစ်နေရာမှာ ဦးထွန်းဝင်း သေဆုံးသွားပါတယ်။
စကားအင်းစခန်းမှူး ရဲအုပ်သိန်းဗိုလ်က “သတင်းရရချင်း ရဲတပ်ဖွဲ့ဝင် ၁၂ ဦး မီးသတ်တပ်ဖွဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ သွားခဲ့တယ်။ ဦးထွန်းဝင်းက ဦးခေါင်းနောက်စေ့ ပေါက်ပြဲတယ်၊ ညာခြေကျင်းဝတ်ကျိုးတယ်၊ နှာခေါင်းသွေးထွက်တယ်၊ မျက်နှာနဲ့ ညာလက်မောင်းပွန်းပဲ့တယ်၊ နေရာတင်သေဆုံးပါတယ်။ တပ်ဖွဲ့ကားနဲ့ပဲ တံတားဦးဆေးရုံ ပို့ပေးတယ်" လို့ ပြောပါတယ်။
စကားအင်းအမြန်လမ်းရဲစခန်းက အမြန်လမ်းမကြီးအား လမ်းဖြတ်ကူးသူ ဦးထွန်းဝင်းကို လူသေဆုံးမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)










