ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်)ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဖြူဖြူငြိမ်းကို ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက် ပီတာအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေတာနဲ့ မဲဆွယ်လှုပ်ရှားမှု ဘာတွေ ဆောင်ရွက်နေပါသလဲ။ ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလား။
“ဒီနေ့ အန်တီတို့ ၁၀ ပါတီ ညီညွတ်ရေးရှိတာကိုး။ ကရင်၊ ကယား၊ ချင်း၊ မြန်မာဒီမိုကရက် ၁၀ ပါတီလုံး ဒီနေ့ လှည့်လည် စည်းရုံးရေးဆင်းနေပါတယ်။ မင်္ဂလာတောင်ညွန့်ထဲမှာပါ။”
ပူးပေါင်းပြီးတော့ မဲဆွယ်တာလား။
“ပူးပေါင်းပြီးတော့ မဲဆွယ်စည်းရုံးတာပေါ့။ မဟာမိတ် ၁၀ ပါတီ ဆိုတော့ အန်တီက အခု လက်ကမ်းစာစောင်ဝေနေတယ်။ ၁၀ ပါတီစလုံးက အခု မင်္ဂလာတောင်ညွန့်ကို စထွက်နေတယ်။ မင်္ဂလာတောင်ညွန့်ကနေပြီးတော့မှ ဒဂုံဆိပ်ကမ်းပေါ့။ ညနေကျရင် အန်တီတို့ မရမ်းကုန်း မြို့နယ်ဆီကို ဝင်လာမှာ။ အခု ရန်ကုန်က ၃ မြို့နယ်ကို လှည့်လည် စည်းရုံးနေပါတယ်။”
ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေရောရှိနေလား။ ဥပမာ- ကြိုတင်မဲ ပြဿနာတို့၊ တခြား ဒီ မဲစာရင်းပြဿနာတို့ရော မရမ်းကုန်းမှာ တွေ့ရလား။
“ရှိပါတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ အန်တီတို့ ကော်မရှင်ကို အကြောင်းကြားပြီး ညှိလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ မဲစာရင်းကိုပဲ ပြန်ပြီးတော့ အခြေခံကြတာလေ။ မဲစာရင်းကို အခြေခံပြီးတော့မှ ထပ်တိုးတာတို့ပေါ့။ ကော်မရှင်ကပေးတဲ့ အချိန်က မတ် ၂၄ ရက်နေ့ အထိပါ။ မဲစာရင်းမှာ မပါသူတွေ၊ ဧည့်စာရင်းနဲ့ နှစ်ကာလကြာနေတဲ့သူတွေရှိရင် ပြန်ပြီး ထပ်တိုး ပေးတာတို့ ဘာတို့ လုပ်ပေးတယ်။ အဓိက ကတော့ ပြည်သူတွေပါ။ ကိုယ့်မဲ ပါ၊ မပါကို ကြည့်ရဖို့က အဓိကကျတယ်။”
အန်ဒီအက်ဖ်ပါတီက ပါတီကြီး ၂ ခုနဲ့ ပြိုင်ရမှာဆိုတော့ မဲဆွယ်တဲ့ နေရာမှာ တရားမမျှတမှုတွေ ရှိတာ တွေ့ရလား။
“အခုအချိန်ထိတော့ အားလုံး ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်း အတိုင်းတော့ လုပ်နေကြတာပဲ။ ဘာမှတော့ ပြဿနာ မရှိကြပါဘူး။ ပြီးတော့လည်း အန်တီတို့က ကြံ့ခိုင်ရေးပါတီ အပါအဝင် ဒီမိုကရက်တစ်ပေါ့။ ၅ ပါတီ ရှိတယ်။ ၆ ပါတီ ရှိတဲ့အခါကျတော့ အန်တီတို့ ဒီမိုကရက်တစ် အချင်းချင်းပေါ။့ အခုဆို မဲရုံစောင့်ဆိုလို့ရှိရင် အန်တီတို့ဆီမှာက ၁၁၇ ရုံရှိတယ်။ မဲရုံ ၁၁၇ ရုံမှာ အန်တီတို့က အပြည့် မထားနိုင် ဘူးဆိုရင် ဒီမိုကရက်တစ် အချင်းချင်း ညှိပြီးတော့ အန်ဒီအက်ဖ် အပါအဝင် တခြားပါတီတွေ ရှိတယ်ပေါ့။ ပါတီအချင်းချင်း အန်တီတို့ ပူးပေါင်းပြီးတော့ အပြန်အလှန် မဲတွေကို ကြည်ပေးဖို့ ချိတ်ဆက်ထားပါတယ်။”
မရမ်းကုန်း မဲဆန္ဒနယ်မှာ နိုင်မယ်လို့ ထင်လား။ လူထု ထောက်ခံမှု ဘယ်လောက် ရှိပါသလဲ။
“ဒါကတော့ ပေးတဲ့ မဲအပေါ်မှာပဲ မူတည်တယ်။ ပြည်သူက အဆုံးအဖြတ် ပေးပါလိမ့်မယ်။”
ဒေါ်ခင်ဖြူဖြူငြိမ်းရဲ့ နိုင်ငံရေးဖြတ်သန်းမှု နောက်ခံ အကြောင်းလေးကို ဒီဗွီဘီ ပရိသတ်သိအောင် မိတ်ဆက်ပေးပါလား။
“နိုင်ငံရေးဖြတ်သန်းမှုကတော့ အန်တီ ၂၀၁၀ မှာ မရမ်းကုန်းမြို့နယ်ကနေ ပဲ ရွေးကောက်ပွဲဝင်တယ်။ အန်တီတို့ရဲ့ နိုင်ငံရေးသမိုင်းတကွေ့မှာပေါ့။ အပြောင်းအလဲကို ဘယ်လို ပြောင်းလဲမလဲဆိုတာကို သိချင်တယ်။ အန်တီတို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာလည်း နိုင်ငံသားတိုင်းဟာ တာဝန်ရှိတယ်။ နိုင်ငံသား တိုင်းမှာ တာဝန်ရှိတယ်လို့ အန်တီတို့ ခံယူတဲ့အတွက်ကြောင့် ဒီ နိုင်ငံရေးအချိုးအကွေ့မှာ အန်တီက ဘယ်လို ပြောင်းမလဲဆိုတာ သိချင်တဲ့ အတွက်ကြောင့် ကျတဲ့နေရာက နေပြီးတော့ ဝင်ပြီး တာဝန်ယူလိုက်တာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တုန်းက အန်တီ အင်းစိန်မှာနေတယ်။ ဒါပေမယ့် မရမ်းကုန်းမြို့နယ်ကနေဘဲ အန်တီ ဝင်ပြိုင်လိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ အခါကျတော့ နိုင်ငံရေးကိုဆက်ပြီး လုပ်မယ်လို့ ရည်မှန်းထားတဲ့အတွက်ကြောင့် ရွေးကောက်ပွဲအပြီးမှာ မရမ်းကုန်းနယ် မြေထဲကို အန်တီ ပြောင်းရွှေ့ပြီးတော့ နေထိုင်လိုက်တယ်။ အခု ပြောင်းရွှေ့နေထိုင်တော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်နေရာက လစ်လပ်နေတယ်။ ဒီတော့ အန်တီ ဝင်ပြိုင်ဖို့ အခွင့်အရေးရလာတယ်။”
မရမ်းကုန်းမြို့နယ်မှာ ပြည်သူလူထုတွေအတွက် အဓိက လိုအပ်နေတာ က ဘာလဲဆိုတာကို ပြောပြလို့ ရနိုင်မလား။ တကယ်လို့ အရွေးခံရပြီး လွှတ်တော်ထဲကို ရောက်လာပြီး ဆိုရင် ပြည်သူလူထုတွေရဲ့ လိုအပ်တဲ့ ကိစ္စတွေမှာ ဘာကို အဓိကထားပြီးတော့ ဖြေရှင်းသွားဖို့ စဉ်းစားထားပါသလဲ။
“အကြီးကြီး ပြောရမယ်ဆိုလို့ရှိရင် ဒီမိုကရေစီလမ်းကြောင်းပေါ့။ အဲဒီ ဒီမိုကရေစီလမ်းကြောင်း ဆိုတာထက် အန်တီက အောက်ခြေအထိ ကွင်းဆင်းပြီးတော့ အခု အဓိကလုပ်နေတာကတော့ ပညာရေးပါ။ ကျောင်းကိစ္စလေးတွေ၊ နောက်တခါ အိုင်အယ်လ်အို ကိစ္စအပါအဝင် ၁၈ နှစ် မပြည့်ဘဲနဲ့ စစ်မှုထမ်းရတဲ့ ကလေးတွေ ကိစ္စတွေမှာ လုပ်ပေးတယ်။ နောက်တခုက ကျူးကျော်ကိစ္စလေးတွေ မာလာသ/မ ကိစ္စလေးတွေ အန်တီလုပ်ပေးတယ်။ အဓိကကတော့ အကြီးကြီးတွေ ပြောနေတာထက် ပြည်သူနဲ့ လက်တွေ့ အောက်ခြေမှာ ဘာလုပ်နိုင်မလဲ ဆိုတာလေးတွေ လုပ်ချင်တယ်ပေါ့။ လွှတ်တော်ပေါ် ရောက်လို့ရှိရင်တော့ ပြည်သူ့လွှတ်တော် ဆိုတာ ကတော့ ဥပဒေတွေ ပြင်သင့်တာတွေ ပြင်မယ်။ ဖျက်သင့်တာတွေ ဖျက်မယ်။ ဒါတွေ လုပ်သင့် တာလေးတွေကတော့ ရှိတာပေါ့။
ဘာလို့လဲဆိုတော့ ပြည်သူ့လွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်ရဲ့ အခန်းကဏ္ဍရှိတာကိုး။ ဒါပေမယ့် အန်တီကတော့ အဓိက မရမ်းကုန်း ပြည်သူအတွက် ဘာလုပ်ပေးရမလဲပေါ့။ လွှတ်တော်ကို ရောက်လို့ရှိရင် တော့ ပြည်သူရဲ့ လိုအပ်ချက်ကို အန်တီလုပ်ပေးရမှာပဲ။”
တခြား ပြိုင်ဘက်တွေထက်စာရင် ဒေါ်ခင်ဖြူဖြူငြိမ်းကို ဘာကြောင့် မဲပေးသင့်တယ်၊ ပိုပြီးတော့ မဲပေးသင့်တယ်လို့ မဲဆန္ဒရှင် ပြည်သူတွေက မေးလာလို့ရှိရင် ဘယ်လိုဖြေမှာပါလဲ။
“အန်တီတို့ ပါတီပေါ့။ ဒီ ၂၀၁၀ ဆိုတဲ့ လမ်းကြောင်းကိုလည်း ဖောက်ထားတယ်။ ပါတီရဲ့ မူဝါဒတွေက လည်း ကောင်းတယ်။ ပါတီကို ဦးဆောင်တဲ့ လူကြီးတွေကလည်း တော်တယ်။ အဲဒါကြောင့် ပါတီကိုလည်း ကြည့်သင့်တယ်။ အဲဒီလိုပဲ ပါတီကို ကြည့်သင့်တဲ့အပြင် အန်တီ ကလည်း ၂၀၁၀ တုန်းက သူများတွေ မဖောက်ခဲ့တဲ့ လမ်းကြောင်းကို၊ ပါတီရဲ့ ဦးဆောင်မှုနဲ့ လမ်းကြောင်းကို ဖောက်ခဲ့တယ်။ ပြည်သူနဲ့ တသားတည်း အန်တီတို့က လုပ်ဆောင်နိုင်တယ်။ ပြည်သူ့အတွက် လိုအပ်ချက်လေးတွေကို အန်တီ လုပ်ပေးနေတယ်။
အဲဒီအတွက်ကြောင့် အန်တီပြောချင်တာကတော့ အန်ဒီအက်ဖ်ကို မဲပေးပါလို့ ပြောတာထက် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့ ပါတီတွေ ရှိတယ် ဆိုတော့ အဲဒီမှာ ဘယ်သူ့ကို မဲပေးသင့် သလဲဆိုတာ ပြည်သူက ရွေးချယ်ပြီး မဲပေးပါလို့ အန်တီက ပြောချင်ပါတယ်။”
၅။ ဒေါ်ခင်ဖြူဖြူငြိမ်း (ကိုယ်ရေးအကျဉ်း)
မိဘ- အဖ ဦးကျော်ငြိမ်း၊ အမိ ဒေါ်ခင်မြင့်
ဇာတိ- ဧရာဝတီတိုင်း လပွတ္တာမြို့ ရခိုင်တိုင်းရင်းသူ
မိသားစု- မွေးချင်း ၅ ယောက်မှာ ဒုတိယသမီး
ပညာရေး- သူငယ်တန်းမှ အထက်တန်းအထိ ဧရာဝတီတိုင်း လပွတ္တာမြို့တွင် ပညာသင်ယူခဲ့သည်။
အလုပ်အကိုင်- ကုန်သည်အဖြစ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်
နိုင်ငံရေးနောက်ခံ – ၂၀၁၀ မှာ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ဖြစ်လာပြီး ပါတီရဲ့ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင်နှင့် တိုင်းအမျိုးသမီး လုပ်ငန်းအဖွဲ့ဝင် အဖြစ် ပါဝင် လှုပ်ရှား ဆောင်ရွက်လျက် ရှိသည်။
၂၀၁၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်ကနေ ယှဉ်ပြိုင်အရွေးခံရာမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် လောင်း ဒေါက်တာပွင့်ဆန်းကို အရေးနိမ့်ခဲ့ပါတယ်။
၂၀၁၂ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာဒေါ်မေဝင်းမြင့်၊ ကြံ့ခိုင်ရေးပါတီက ဦးရဲထွဋ် ၊ အမျိုးသားဒီမိုကရေစီပါတီသစ်က ရသ ခေါ် (ဦးရဲမင်းသိမ်း)၊ မြန်မာ အမျိုးသားကွန်ဂရက်ပါတီက ဒေါ်ဟေမာဌေး အပါအဝင် တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်တို့နဲ့ ယှဉ်ပြိုင်အရွေးခံရမှာပါ။