ထရမ့်နှင့်ကင်ဂျုံအန်း မူကြိုကလေးများ ရန်ဖြစ်နေသလိုပဲဟု ရုရှားပြော

ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်းတို့အကြား စကားစစ်ထိုးနေတာနဲ့ ပတ်သက်ပြီး ရုရှနိုင်ငံခြားရေးဝန်ကြီးက မူကြိုကလေးတွေ ရန်ဖြစ်နေတာနဲ့ တူတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မစ္စတာထရမ့်က မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင်က အစောပိုင်းမှာ မစ္စတာထရမ့်ကို “စိတ်ပိုင်းဆိုင်ရာ ဟန်ချက်မညီဖြစ်နေတယ်/ရူးနေတယ်၊ အားမရှိ သူငယ်ပြန်နေတဲ့ အဖိုးကြီး” လို့ ခေါ်ဆိုခဲ့ပါတယ်။ မစ္စတာထရမ့်ကလည်း တွီတာပေါ်မှာ ကင်ဂျုံအမ်းကို “ကိုယ့်ပြည်သူတွေ ငတ်မွတ်မှာနဲ့ အသတ်ခံရမှာကို ဘယ်လိုမှ မနေတဲ့ အရူးကောင်၊ အရင်တုန်းက မဖြစ်ခဲ့ဘူးတာမျိုးနဲ့ စမ်းသပ်ခံရမယ်” လို့ ပြန်လည် ရေးသားထားပါတယ်။ မော်စကိုရဲ့နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဖ်က တဇောက်ကမ်းလုပ်မှုတွေကို ငြိမ်သက်ဖို့ ခေတ္တရပ်နားမှု လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ “ဟုတ်ပါတယ် မြောက်ကိုရီးယားရဲ့ စစ်ရေးစွန်စားခန်းတွေကို ငြိမ်ငြိမ်လေးကြည့်နေဖို့က လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ဒါပေမယ့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲတွေဖြစ်ခွင့်ပြုဖို့ကလည်း လက်ခံနိုင်စရာ မရှိဘူး” လို့ ပြောလိုက်ပါတယ်။ ဆာဂေးလာဗရော့ဖ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ လုပ်ငန်းစဉ်တွေရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခုကို တောင်းဆိုလိုက်ပါတယ်။ “တရုတ်နိုင်ငံနဲ့အတူ ကျနော်တို့တွေ ကြောင်းကျိုးဆီလျော်တဲ့ ချည်းကပ်မှုကို ဆက်လက် ကြိုးစားလုပ်ဆောင်သွားမယ်၊ သူတို့တွေကို ဘယ်သူကမှ ရပ်လို့မရတဲ့ မူကြိုကျောင်းက ကလေးတွေ ရန်ဖြစ်နေသလို စိတ်ခံစားမှုမျိုးတခုတော့ မဟုတ်ဘူးပေါ့” လို့ သူက ပြောပါတယ်။ ကုလသမဂ္ဂမှာ မစ္စတာထရမ့်က အမေရိကန်နဲ့ သူ့ရဲ့မိတ်ဖက်နိုင်ငံတွေအနေနဲ့ ခြိမ်းခြောက်ခံရပြီး ကာကွယ်ဖို့ အခြေအနေဖြစ်လာရင် သူက မြောက်ကိုရီးယားကို လုံးဝချေမှုန်းပစ်မယ်လို့ ပြောတဲ့မိန့်ခွန်းအပြီး မြောက်ကိုရီးယားခေါင်းဆောင်ကလည်း မစ္စတာထရမ့်ကို တိုက်ခိုက်ခဲ့ပါတယ်။ မစ္စတာထရမ့်အနေနဲ့ သူ့ရဲ့ လုံးဝမကြုံစဖူး ရိုင်းစိုင်း အဓိပ္ပာယ်မရှိတာကိုပြောသွားတဲ့ မိန့်ခွန်းအတွက် “အကြီးအကျယ်ပေးဆပ်ရနိုင်တယ်” လို့ မစ္စတာကင်မ်က ပြောပါတယ်။ မစ္စတာထရမ့်က ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ မျက်စိရှေ့မှာ သူ့နိုင်ငံကို စော်ကားသွားတာလို့ မစ္စတာကင်က ပြောလိုက်ပြီး “စိတ်ပိုင်းဆိုင်ရာ ဟန်ချက်မညီတဲ့/ရူးနေတဲ့ အမေရိကန် သူငယ်ပြန်အဖိုးကြီးကို သေချာပေါက် မီးနဲ့ထိန်းချုပ်ရမယ်” လို့ ကင်က ခြိမ်းခြောက်လိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီလို တိုက်ရိုက်အကြောင်းကြားလိုက်တာက ဒါပထမဦးဆုံးအကြိမ်ပဲလို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပြီး ဒီအချက်ကို လေးလေးနက်နက်နဲ့ အပြည့်အဝအသေးစိတ် စဉ်းစားရမယ်လို့ ပြောပါတယ်။ ဒီအရေးကိစ္စက ရှုပ်ထွေးနက်နဲပြီး လွန်စွာထိလွယ် ရှလွယ်တဲ့ ကိစ္စရပ်ဖြစ်ပြီး ၂ ဖက်စလုံးအနေနဲ့ ဒေါသပြင်းထန်တဲ့ လေလုံးထွား ပြောဆိုနေတာတွေကနေ ငြိမ်သက်ကြဖို့ တရုတ်နိုင်ငံကလည်း တိုက်တွန်းထားပါတယ်။ “သက်ဆိုင်တဲ့နိုင်ငံတွေအားလုံး တဦးနဲ့တဦး ရန်စစော်ကားနေမယ့်အစား ထိန်းချုပ်သင့်ကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လူကန်က ပြောလိုက်ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up