Home မြန်မာသတင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မြိတ်ကျွန်းစုခရီးစဉ်ဖျက်သိမ်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် မြိတ်ကျွန်းစုခရီးစဉ်ဖျက်သိမ်း
dassk-myeik တနင်္သာရီတိုင်း မြိတ်ဒေသကို ရွေးကောက်ပွဲမဲဆွယ်ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျန်းမာရေးချို့ယွင်းလာတာကြောင့် တနင်္ဂနွေနေ့ မှာ မြိတ်ကျွန်းစုမြို့နယ်ကို သွားရာက်ဟောပြောဖို့စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မြိတ်ခရီးစဉ်တောက်လျောက်လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက် တဦးက “ဒီနေ့ အန်တီတော်တော်နေမကောင်းဖြစ်နေတယ်။ အဲဒါကြောင့်မလို့ ဒီမနက်က ကျွန်းစုသွားမယ့် ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ခုဆေးတောင် သွင်းထားရတယ်။ သူတည်းခိုတဲ့နေအိမ်မှာ ဆေးကုနေရပါတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့မနက်က မြိတ်မြို့ကို ရောက်ရှိလာပြီး စခန်းသစ်ရွာကို သွား ရောက် ဟောပြောပြီး အပြန် ပန်းဇင်ရွာအနီးမှာ စက်လှေ သောင်တင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက် အသုံးပြုမယ့် ရေပေါ်ရှပ်ပြေးရေယာဉ်တွေကို ငှားရမ်းလို့ မရတဲ့ အတွက် စက်လှေနဲ့သွားခဲ့ရာမှာ ညနေ ၅ နာရီခွဲခန့် ကနေ ည ၈ နာရီခွဲလောက်အထိ သောင်တင်နေခဲ့တာလို့ အဆိုပါသတင်းထောက်က ပြောပါတယ်။
“သောင်တင်တာကတော့ သဘာဝ ရေတက်ရေကျကြောင့် တင်တာပါ။ ရှပ်ပြေးယာဉ်နဲ့ဆို အဲဒီလိုမဖြစ်ဘူး။ စက်လှေနဲ့မို့ဖြစ်ရတာ ။ စက်လှေက (၃) နာရီမောင်းတဲ့ခရီးဆို ရှပ်ပြေးက (၁)နာ ရီပဲ မောင်းတယ် ။ ပထမစီစဉ်ထားတဲ့ရှပ်ပြေးက ခန့်ခန့်ညားညား သက်သောင့်သက်သာရှိတယ်၊ အဲဒါကို ငှားမရအောင် လုပ်ထားတယ်။ အန်တီ တကယ်စီးရတော့ ဒေသအခေါ် ကဲ့လှေနဲ့ အန်တီက အဲဒီ စက်လှေကြီးကို ယာယီအမိုးမိုးပြီး စီးလိုက်ရတာ။ ရေကျသွားတဲ့အခါကျတော့ သောင်ပြင်ကြီးက ကတ္တရာလမ်းကြီးလို အဖွေးသားကြီးပေါ်လာတယ် ။ အဲဒီသောင်ပြင်ကြီးကို ကွေ့ပတ်ရှောင်ရင်း သောင်တင်သွားတာ”
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ မြိတ်မြို့ကမ်းခြေကို ပြီးခဲ့တဲ့ ည ၁ဝ နာရီ လောက်မှာ ပြန်လည် ရောက်ရှိခဲ့ပြီး ထောင်ပေါင်းများစွာသော မြို့ခံတွေက ကမ်းခြေမှာ စောင့်ကြိုကာ တညလုံး နီးပါး ကားတွေဆိုင်ကယ်တွေနဲ့ တေးသီချင်းတွေဖွင့်ကာ လှည့်လည်နေခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းလာပြီး ကျန်းမာရေး မကောင်းတာကြောင့် မြိတ်မြို့က ပါတီဝင် တဦးရဲ့နေအိမ်မှာ တည်းခိုရင်း ဆေးကုသမှုခံယူနေရပါတယ်။ ကျွန်းစုရွာ သွားရောက်ဟောပြောမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် ကျွန်းစု ရွာသား တွအနေနဲ့ ညနေမြိတ်မြို့မှာ ပြုလုပ်မယ့် ဟောပြောပွဲမှာ လာရောက် နားထောင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က စက်လှေ စီစဉ် ပေးထားတယ်လို့သိရပါတယ်။ တနင်္ဂနွေနေ့ညနေ ၃နာရီလောက်မှာတော့ ရန်ကုန်ကို လေကြောင်းနဲ့ ပြန်လာဖို့ အစီအစဉ် ရှိပါတယ်။
ဆက်စပ်သတင်းများ