ရေကြီးပြီး အပျက်အစီးများအောက်မှ သားငယ်ကိုဖက်လျက် သေဆုံးနေသည့် မြန်မာသားအမိ
DVB
·
September 22, 2017
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုမ့်ဖန်မြို့နယ်ထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ည သန်းခေါင်ကျော်က မိုးသည်းထန်ပြီး တောင်ကျချောင်းရေ ရုတ်တရက်ကြီးလာတဲ့အတွက် လူနဲ့ နေအိမ်တွေ ရေထဲမျောပါသွားပြီး မြန်မာသားအမိ ၂ ဦး သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တောင်ကျချောင်းရေတွေ အုမ့်ဖန်မြို့နယ် နောင်လုန်ကျေးရွာအုပ်စု ဆေထရွာ နဲ့ တေလော်ခီးရွာထဲကို ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် လူတွေအိပ်မောကျရာက လန့်နိုးလာပြီး မိုးထဲရေထဲ ခက်ခက်ခဲခဲ အသက်လုကာ အမြင့်ဆီရောက်အောင် ကူးခတ်ခဲ့ကြကြောင်း၊ အဲဒီထဲက အသက် ၁၈ နှစ်ရွယ် နန့်ဖောစေး နဲ့ ၃ နှစ်အရွယ်သားလေး ရေထဲမျောပါ ပျောက်ဆုံးသွားတယ်လို့ ရွာသားတဦးက ကယ်ဆယ်ရေးအဖွဲ့ကို ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာ အုမ့်ဖန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကယ်ဆယ်ရေးအဖွဲ့၊ စစ်တပ်နဲ့ ရဲတို့ ရောက်ရှိလာပြီး ပျက်စီးနေတဲ့အိမ်တွေ ပြန်လည်ပြုပြင်နေသလို ပျောက်ဆုံးနေ တဲ့ သားအမိ ၂ ယောက်ကိုလည်း ရှာဖွေကြရာမှာ အပျက်အစီးပုံတွေအောက်မှာ သားကိုရင်ခွင်ထဲ ဖက်ထားပြီး သေဆုံးနေတဲ့ မြန်မာနိုင်ငံသား နန့်ဖောစေးတို့ သားအမိအလောင်းကို ပြန်တွေ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက သတင်းထောက်ကို ပြောပါတယ်။
ချောင်းရေထဲ မျောပါပျက်စီးခဲ့တဲ့ အိမ်ခြေ အလုံး ၄၀ ကျော်ရှိပြီး လူပေါင်း ၃၀၀ ကျော် ရေဘေးကြုံတွေ့ရကာ စိုက်ခင်းပျိုးခင်း အတော်များများလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။