ရှမ်းပြည်နယ် တာချီလိတ်မြို့ ဆန်းဆိုင်း (ခ) ရပ်ကွက်မှာရှိတဲ့ Regina ဂေါက်ကလပ်မှာ တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးပြိုင်ပွဲ စတင် ကျင်းပနေစဉ် ဒီနေ့မနက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး ဒဏ်ရာ ရရှိသွားပါတယ်။
မနက် ၇ နာရီခွဲလောက်မှာ ဂေါက်ကွင်း ကျင်းအမှတ် ၁၃ အနီးက အမှိုက်ပုံးနေရာမှာ ပထမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ နောက် ၁ နာရီလောက် အကြာမှာ ဂေါက်ကွင်းတီခုံ တခုအနားမှာ နောက်ထပ် ပေါက်ကွဲမှုတခုထပ်မံ ဖြစ်ပွားစဉ်မှာ ဂေါက်သီးကစားသမား ၁ ဦးနဲ့ လုံခြုံရေး ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံ ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေကတော့ ဂေါက်ကွင်း လုံခြုံရေးဝန်ထမ်း မောင်ဇော်ရဲမင်း အသက်(၂၀) ဝန်းကျင်နဲ့ ဂေါက်သီး ကစားသမား ဦးအားဗြာ ဖြစ်တယ်လို့ ဂေါက်ကွင်း အမှုထမ်း အသိုင်းအဝိုင်းထံက စုံစမ်းသိရပါတယ်။
ဒီပေါက်ကွဲမှုမှာ စစ်သား ၁ ဦးလည်း ဒဏ်ရာရသွားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။
နောက်ထပ် ဗုံး ၁ လုံးကိုလည်း မနက် ၁၀ နာရီခွဲလောက်မှာ ရှာတွေ့ပြီး မပေါက်ကွဲခင် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာချီလိတ် ရဲစခန်းက စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။