ပြည်တွင်းထုတ်ဆေးဝါး ကျပ်၂၉ ဘီလီယံကျော်ဖိုး ကျန်းမာရေးဌာန မှာယူသုံးစွဲမည်
နေဖြိုးဝင်း
·
September 22, 2017
ပြည်တွင်းထုတ် HIVဆေးဝါး၊ မူးယစ်ဆေးဖြတ် ဆေးရည်နဲ့ ကင်ဆာကုသဆေးတွေ အပါအဝင် ကုသဆေးတွေအတွက် ငွေကျပ် ၂၉ ဘီလီယံကျော်ဖိုး ကျန်းမာရေးဝန်ကြီးဌာနက မှာယူသုံးစွဲမယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) ကဏ္ဍနဲ့ ဆောက်လုပ်ရေးကဏ္ဍတို့အတွက် ချေးငွေထုတ်ချေးတာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
စက်မှုဝန်ကြီးဌာနအနေနဲ့ ကုန်ကြမ်းတွေကို ပြည်ပကနေမှာယူပြီး ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါး စွဲနေသူတွေအတွက် မူးယစ်ဆေးဝါးဖြတ်ဆေးရည် မက်သဒုန်း (methadome)၊ ကင်ဆာရောဂါကြောင့် နာကျင်တာတွေကို ကုသတဲ့ မော်ဖင်း(morphine)၊ HIV ပိုးကူးစက်ခံနေရသူတွေအတွက် (telofobir)နဲ့ မြွေဆိပ်ဖြေဆေးတွေအတွက် ပြည်ပကနေ အခုလို မှာယူထားတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံခြားက တင်သွင်းရတဲ့ သွင်းကုန်လျော့သွားပြီး ပြည်ပကနေ ဝယ်ရမယ့် နိုင်ငံခြားငွေ ယိုစီးတာကိုလည်း ကာကွယ်နိုင်မှာဖြစ်ကြောင်း ဦးကိုကိုလွင်က ဆက်ပြောပါတယ်။
ကုသဆေးအတွက် ကုန်ကြမ်းတွေကိုတော့ အိန္ဒိယကနေ အဓိကဝယ်ယူပြီး တရုတ်နဲ့ ဂျာမနီကနေ ဝယ်ယူတာတွေလည်း ရှိပါတယ်။