လွတ်မြောက်နေသည့် တံခါးခေါက်မုဒိမ်းကောင်ကို ထိုင်းရဲ စုံစမ်းရှာဖွေ (ရုပ်သံ)

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံမှာ တံခါးခေါက်မုဒိမ်းကောင်လို့ အမည်ပေးထားတဲ့ အမျိုးသမီးတွေကို အလစ်အငိုက်ဖမ်း အဓမ္မပြုကျင့်မှု ကျူးလွန်နေသူတဦးကို စီစီတီဗွီ ရုပ်သံမှတ်တမ်းမှတဆင့် ရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။ မောင်ထုံဌာနီခရိုင်တွင်းမှ အထပ်မြင့်အိမ်ရာတွေအတွင်းမှာ အဲဒီအမျိုးသားတဦးတည်းကပဲ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ အမှုကွင်းဆက် သဲလွန်စတွေ ရှိထားတယ်လို့ ရဲတွေက ပြောပါတယ်။ အသက် ၃၀ နဲ့ ၃၅ နှစ်ကြား အရပ်မြင့်မြင့်၊ ခပ်တောင့်တောင့်ပုံသဏ္ဌာန်ရှိတယ်ဆိုတဲ့ အဲဒီအမျိုးသားကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျူးလွန်ခဲ့တဲ့ အမှုမှတဆင့် ဆက်စပ်နိုင်ခဲ့တာပါ။ အသက် ၁၅ နှစ်အရွယ် အေအမည်ရတဲ့ မိန်းကလေးက ရဲတွေကို လာရောက်တိုင်တန်းခဲ့ချိန်မှာ ခုလို ကွင်းဆက်ရခဲ့တာလို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မိန်းကလေးဟာ အဲဒီနေ့မနက်ပိုင်းက တခုခုဝယ်ဖို့ တိုက်အောက်ကိုဆင်းပြီး ဓာတ်လှေကားနဲ့ ပြန်အတက်မှာ အဲဒီအမျိုးသားက နောက်ယောင်ခံလိုက်ခဲ့တာလို့ ဆိုပါတယ်။ ၁၀ ထပ်အမြင့်အရောက် ဓာတ်လှေကားထဲက ထွက်ချိန်မှာတော့ သူက နောက်ကနေ ဖမ်းချုပ်ခဲ့ပြီး မိန်းကလေးရဲ့ပါးစပ်ကို လက်ထိုးထည့်ကာ မအော်ဖို့နဲ့ အော်ဟစ် အကူအညီတောင်းရင် ထိခိုက်အောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။ အဲဒီနောက် မိန်းကလေးကို ကြမ်းပြင်ပေါ်ကို လှဲသိပ်ဖို့ ကြိုးစားကာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့ပေမယ့် မိန်းကလေးဟာ အားကုန်ရုန်း ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ တရားခံအမျိုးသားက ထွက်ပြေးသွားခဲ့ပေမယ့် သူ့ပုံရိပ်ကတော့ စီစီတီဗွီ ကင်မရာထဲမှာ ကျန်နေခဲ့တာပါ။ ခုလို ပုံစံတူကျူးလွန်မှုတွေ ရှေ့ကလည်း ရှိဖူးပြီး အထပ်မြင့်အိမ်ရာအခန်းတွေမှာ ဖြစ်လေ့ရှိကာ ဒါဟာ လေးကြိမ်မြောက် ကျူးလွန်တဲ့အမှုဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်နေရာ ဘယ်အချိန်မှာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ ရဲတွေက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up