ထိုင်းလုံခြုံရေးစစ်သားများ ဗုံးခွဲတိုက်ခိုက်ခံရ၊ ၄ ဦးသေဆုံး (ရုပ်သံ)


ထိုင်းလုံခြုံရေးစစ်သားများ ဗုံးခွဲတိုက်ခိုက်ခံရ... ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီခရိုင် ဆိုင်ပူရီးမြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီခွဲလောက်က ထိုင်းလုံခြုံရေးတပ်သားတွေ ချိန်ကိုက်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ထိုင်းတပ်မတော်သား ၄ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရသွားတယ်လို့ တီနယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဆိုင်ပူရီးမြို့နယ် တပင့်ကျေးရွာအုပ်စု ကျော်ကီးယဲ့နဲ့ ဆိုင်ပူရီးသွား လမ်းမကြီးပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ချက်ချင်းသွားရောက်စစ်ဆေးရာမှာ လမ်းမပေါ် ပြန့်ကျဲနေတဲ့ ဒဏ်ရာရစစ်သားတွေ၊ ခြေ၊ လက် ခန္ဓာကိုယ် တခြားစီဖြစ်ပြီး သေဆုံးနေတဲ့ စစ်သားတွေ၊ ၂ ပိုင်းပြတ်နေတဲ့ အီစူဇူးဟိုင်းလပ်စ်ကားတစီး၊ အဲဒီနေရာနဲ့ မီတာ ၃၀၀ လောက်ဝေးတဲ့ နေရာမှာလည်း အကျယ် ၃ မီတာ၊ အနက် ၂ မီတာ ချိုင့်ဝင်သွားတဲ့ အပေါက်ကြီးတပေါက်နဲ့ ဗုံးအစအနတွေ တွေ့ရတယ်လို့ ဆိုင်ပူရီးနယ်မြေရဲစခန်း တာဝန်ကျ ဒု-ရဲမှူး ဆစ်ထိချိုင်း ဖူးလ်ဆဝဒီးက သတင်းထောက်တွေကို ပြောပါတယ်။ ဒဏ်ရာရသူထဲက တဦးဖြစ်တဲ့ အဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီး ထီရဝုဒ်ဘန်ကျောက်ရဲ့ ပြောပြချက်အရ သူတို့အဖွဲ့ဟာ တပ်မဟာ ၄၄၁၂ တိုက်ခိုက်ရေးရိန်းဂျားတပ်ကဖြစ်ပြီး အဲဒီမနက်က အဖွဲ့ဝင်စုစုပေါင်း ၈ ဦး တပင့်ကျေးရွာ စာသင်ကျောင်းနဲ့ အနီးနားတဝိုက် လုံခြုံရေးယူဖို့ ကားတစီးနဲ့ ရောက်လာခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ မီတာ ၂၀ လောက်အကွာမှာ ကားခဏရပ်ထားပြီး နောက်ခန်းက တပ်ဖွဲ့ဝင် ၂ ဦး ကားပေါ်မှ အရင်ဆင်းကာ အနီးနား ပတ်ဝန်းကျင်တဝိုက် ဗုံးတွေစစ်ဆေးကြည့်ရှုနေကြောင်း၊ သူတို့ ၂ ဦးမှ  ဘေးရန်ကင်းကြောင်း အချက်မပြခင် ယာဉ်မောင်းသူက စက်နှိုးပြီး မောင်းလာရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုနဲ့အတူ တောထဲက ထပ်မံပစ်ခတ်တာခံရပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု အနည်းငယ်ရှိခဲ့ကြောင်း၊ ဗုံးအစအနတွေ စစ်ဆေးချက်အရ အလေးချိန် ၈၀ နဲ့ ၁၀၀ ကီလိုဂရမ်ကြားရှိ ချိန်ကိုက်ဗုံး အမျိုးအစားဖြစ်ပြီး မသမာသူတွေက လမ်းဘေးရှိ တောထဲကနေ ခလုတ်နှိပ်ပြီး သူတို့ကို တိုက်ခိုက်ခဲ့တာလို့ တပ်ကြပ်ကြီး ထီရဝုဒ်က ပြောသွားပါတယ်။ ထိုင်းတောင်ပိုင်းမှ မွတ်ဆလင်ခွဲထွက်ရေးအဖွဲ့တွေက နှစ်နဲ့ချီပြီး ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေကို တိုက်ခိုက်နေရာမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ရုပ်သံ - တီနယူးစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up