မိုင်းတုံပြည်သူ့ဆေးရုံသန့်ရှင်းရေး အလွှာပေါင်းစုံ စုပေါင်းဆောင်ရွက်ပေး
DVB
·
September 22, 2017
မိုင်းတုံ ပြည်သူ့ဆေးရုံဝင်းအတွင်း အလွှာပေါင်းစုံမှ အဖွဲ့အစည်း အသီးသီးက စုပေါင်းပြီး သန့်ရှင်းရေး ပြုပေးခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံဝင်းအတွင်း ပေါင်းမြက်၊ အမှိုက်သရိုက်နဲ့ ဆေးရုံမှစွန့်ပစ်ပစ္စည်း အားလုံးကို တပ်နယ်၊ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ၊ နိုင်ငံရေးပါတီအဖွဲ့တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ နမ့်တွန်သွေးလှူရှင်တွေနဲ့ ဗြမ္မစိုရ်နာရေးကူညီမှု အသင်းဝင်တွေ စုပေါင်းအင်အား ၂၂၀ လောက်နဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
“နမ့်တွန်သွေးလှူရှင်အသင်းနဲ့ ဗြမ္မာစိုရ်လူမှုကူညီရေးအသင်းတို့ တွေ့ဆုံအလှူငွေ ပေးအပ်တဲ့အခါမှာ သွေးလှူရှင်အသင်းက ပြောကြားခဲ့လို့ တပ်နယ်ကနေ အင်အားထုတ် ဆောင်ရွက်ပေးခဲ့တာပါ” လို့ အခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောပါတယ်။
“ကျနော်တို့ သွေးလှူရှင်အသင်းအနေနဲ့က နေ့စဉ်ပြည်သူ့ဆေးရုံနဲ့ ထိတွေ့ဆောင်ရွက် ပေးနေရတော့ ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာရေး လိုအပ်ချက်တွေ ဆောင်ရွက်ပေးလိုတာကြောင့် မြို့နယ်ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြီး တပ်နယ်နဲ့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ဆောင်ရွက်လာဖို့ သက်ဆိုင်ရာတွေနဲ့ ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ နမ့်တွန်သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းဌေးက ဆိုပါတယ်။
မိုင်းတုံပြည်သူ့ဆေးရုံအနေနဲ့ မြို့နယ်တွင်းဆေးရုံ ၃ ရုံရှိတဲ့အနက် ဆေးရုံတက်ရောက် ကုသလူနာအများဆုံး ကုသမှုပေးနေရတဲ့အပြင် လူနာတွေအတွက် စွန့်ပစ်ပစ္စည်းတွေက ထွက်ရှိတဲ့ အနံ့ဆိုးတွေနဲ့ ကူးစက်ရောဂါတွေ ပြန့်ပွားစေမှုမရှိစေဖို့အတွက် လိုအပ်ချက်ရှိနေလို့ ခုလို ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အောင်ဇေယျ(မိုင်းတုံ)