မူးယစ်မှောင်ခိုမှုတွင် ပြစ်မှုထင်ရှားပါက သားအရင်းကို သတ်ပစ်မည်ဟု ဖိလစ်ပိုင်သမ္မတပြော

ဓာတ်ပုံ - REX-/Shutterstock
3.5K
မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုကူးမှု သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ သားအရင်းဖြစ်သူကို ပြစ်မှုထင်ရှားရင် သတ်ပစ်မယ်လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောလိုက်ပါတယ်။
သူ့ရဲ့သားဖြစ်သူ ပေါ်လို ဒူတာတေးဟာ တရုတ်နိုင်ငံမှ သင်္ဘောနဲ့ ရောက်ရှိလာတဲ့ မက်သာအဖက်တမင်း (အိုက်စ်) မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
ဒါပေမယ့် အသက် ၄၂ နှစ်အရွယ် ပေါ်လိုကတော့ အမေရိကန်ဒေါ်လာ ၁၂၅ သန်း တန်ကြေးရှိတဲ့ ဒီမူးယစ်ဆေးဝါး တရားမဝင် မှောင်ခိုမှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားပါတယ်။
သမ္မတ ဒူတာတေးဟာ နိုင်ငံတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး နှိမ်နင်းရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး မူးယစ်ဆေးဝါး မှောင်ခိုတရားခံ ၁ သိန်းကျော်ကို ကွပ်မျက်သတ်ဖြတ်ခဲ့တာပါ။
ခုလက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာမှာ သူ့ရဲ့သားဖြစ်သူ ပါဝင်ပတ်သက်နေကြောင်း ပြစ်မှုထင်ရှားရင်တော့ အပြင်းထန်ဆုံးပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမယ်လို့ အသက် ၇၂ နှစ်အရွယ် သမ္မတက ဆိုပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ဒူတာတေးက “ကျနော် အရင်ကတည်းက အမိန့်ထုတ်ခဲ့သလိုပဲ၊ ကျနော့်ကလေးတွေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြစ်မှု ထင်ရှားတယ်ဆိုရင် ဘယ်သူမှ ဘာမှပြောစရာမလိုအောင် သူတို့ကို သတ်ပစ်မှာပါပဲ။ ဒါကြောင့် ကျနော် ပူလောင်း(ပေါ်လို) ကို ပြောခဲ့ပြီးပြီ။ မင်းဆီမှာမိတာနဲ့ မင်းကိုသတ်ပစ်ဖို့က ငါ့ရဲ့ အမိန့်ပဲလို့။ တကယ်လို့ ဒါဟာ အမှန်ဆိုရင် မင်းကိုသတ်ပစ်မယ့် ရဲတွေကို ငါ ကာကွယ်ရမယ်” လို့ ပြောလိုက်တာပါ။
အခုလအစောပိုင်းကတော့ သူ့ရဲ့သားဖြစ်သူ ပေါ်လိုက သူဖမ်းဆီးခံရတာဟာ အခြေအမြစ်မရှိဘဲ ဖမ်းဆီးခံရတာလို့ ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သမ္မတရဲ့ အတိုက်အခံအုပ်စုတွေကတော့ ပေါ်လိုဟာ မူးယစ်ဆေးဝါးတွေ သင်္ဘောနဲ့ နိုင်ငံတွင်းကုန်သွယ်မှုဟာ ဖြစ်နိုင်ချေရှိတယ်လို့ ပြောနေကြတာပါ။
ဖိလစ်ပိုင်သမ္မတဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့လို့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး တကယ်လို့များ သူ့ရဲ့ မိသားစုဝင်တွေဟာ အကျင့်ပျက်ခြစားမှုနဲ့ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောထားခဲ့ပါတယ်။