အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၃ ခု ထပ်မံရယူ

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၃ ခု ထပ်မံရယူနိုင်ခဲ့ပါတယ်။ ရွှေတံဆိပ် ၃ ခုစလုံးကို ပြေးခုန်ပစ်ပြိုင်ပွဲကနေ ရခဲ့တာဖြစ်ပြီး တင်ညို၊ အောင်ခွန်နဲ့ မျိုးဆွေတို့က ပြိုင်ဘက်တွေကို အနိုင်ယူပြီး ရွှေတံဆိပ်ရခဲ့တာပါ။ မြန်မာမသန်စွမ်းအဖွဲ့ဟာ စက်တင်ဘာ ၁၉ ရက်အထိ ရွှေတံဆိပ် ၆ ခု ရယူခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်က ရွှေတံဆိပ် ၂ ခုနဲ့ ဒီကနေ့မနက်ပိုင်းမှာ ရွှေတံဆိပ် ၁ ခု ရယူနိုင်ခဲ့တာပါ။ စက်တင်ဘာ ၂၁ ရက်အထိ မြန်မာနိုင်ငံက ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ၁၁ ခု ရရှိထားပြီး နိုင်ငံ ၁၁ နိုင်ငံ ဝင်ပြိုင်ရာ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။ အဆင့် ၁ နေရာမှာတော့ အင်ဒိုနီးရှားက ရွှေတံဆိပ် ၆၅ ခုနဲ့ ရပ်တည်နေပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ အစဉ်လိုက်ရပ်တည်နေပါတယ်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ ထည့်သွင်းကျင်းပတဲ့ အားကစားနည်း ၁၆ မျိုးထဲကနေ ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ စစ်တုရင်၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ GoalBall၊ PowerLifting ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံက ကစားသမား ၁၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေပြီး စက်တင်ဘာ ၂၃ ရက်အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။

More News
Up