Home
မြန်မာသတင်း
ဘိန်းအစားထိုး သီးနှံမျိုးနှင့် ဓာတ်မြေသြဇာ တောင်သူများကို ပေးအပ်
DVB
·
September 21, 2017
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဘိန်းအစားထိုး သီးနှံမျိုးတွေနဲ့ ဓာတ်မြေသြဇာတွေကို စက်တင်ဘာ ၂၀ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်က တောင်သူတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူတွေ စားဝတ်နေရေးကို အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး ဘိန်းအစားထိုး သီးနှံမျိုးစေ့၊ ပျိုးပင်နဲ့ မြေသြဇာတွေ ပေးအပ်ခြင်း ဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဦးတင်ဦးက ပြောပါတယ်။ “အရင်တုန်းက တောင်သူတွေက ဘိန်းကို အဓိကဝင်ငွေအဖြစ် စိုက်ပျိုးကြပါတယ်။ ဘိန်းက တနှစ်မှာ တခါ စိုက်ပြီးရုံနဲ့ တနှစ်စာ ဖူလုံခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စိုက်ပျိုးမရနိုင်တော့လို့ အစားထိုးသီးနှံတွေ လိုအပ်လာပါတယ်။ ဒါကြောင့် ယာမြေ တောင်သူတွေ စားဝတ်နေရေး အစင်ပြေစေဖို့ နည်းပညာတွေသာမက မျိုးစေ့ ပျိုးပင် မြေသြဇာတွေပါ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။” နားပေါ်ကျေးရွာအုပ်စုမှ တောင်သူတဦးက “ဘိန်းစိုက်ရတာက တခြားသီးနှံတွေထက်စာရင် မပင်ပန်းဘူး။ ဒါပေမယ့်လည်း ခုလို စိုက်ပျိုးသီးနှံတွေ ပေးတော့လည်း ဒါတွေကိုပဲ အရင်းအနှီးပြု လုပ်စားပါတော့မယ်”လို့ ပြောပါတယ်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေး၊ အာခါ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလှနဲ့ တာဝန်ရှိသူတွေက ကျေးရွာပေါင်း ၃၀ ရှိ တောင်သူ အယောက် ၉၀ အတွက် ဘိန်းအစားထိုး သီးနှံမျိုးတွေနဲ့ ဓာတ်မြေသြဇာတွေကို ပေးအပ်ခဲ့ပါတယ်။ သတင်း - သားသား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024