Home
မြန်မာသတင်း
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေးကျင်းပ
နော်နိုရင်း
·
September 20, 2017
  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရဲ့  (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ အထိ ၃ ရက်တာ ကျင်းပနေပါတယ်။ ဒီအစည်းအဝေးကို ရန်ကုန်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးမှာ ကျင်းပါနေတာဖြစ်ပြီး ဒီအစည်းအဝေးမှာ JMC ဆိုင်ရာလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးဖို့ရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ JMC အစည်းအဝေးတွေမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ လိုက်နာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအပေါ် ဘယ်လောက်ထိအကောင်အထည်ဖော် ဆောင်ရွက်ခဲ့လဲဆိုတာကို ပြန်လည်သုံးသပ်ဖို့ရှိသလို ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။ “ကျနော်တို့နိုင်ငံရဲ့ JMC ဖွဲ့စည်းပုံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တခြားနိုင်ငံနဲ့လည်း မတူပါဘူး။ အဓိကအားဖြင့်တော့ JMCUမှာ ဖွဲ့စည်းထားတယ်ဆိုတဲ့ဟာမှာ အားလုံးသိတဲ့ အတိုင်းပဲ ပဋိပက္ခမှာအဓိကပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ တပ်မတော်ပိုင်းရယ်၊ အစိုးရပိုင်းရယ်၊ ဒါတွေက ကျနော်တို့ ပဋိပက္ခမှာ အဓိကပါဝင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင်ပဋိပက္ခမှာခံစားနေရတဲ့  ပြည်သူလူထု ဒါတွေကို အရပ်သားကိုယ်စားလှယ် တွေနဲ့အဓိကထားပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပဋိပက္ခမှာ အဓိကပါဝင်တဲ့သူတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တဖက်နဲ့တဖက် ကိုယ့်ရဲ့လိုလားချက်တွေ၊ တင်ပြချက်တွေများတယ်။ သို့သော်ကျနော်တို့ ဒီမှာဘာရှိလဲဆိုတော့ အဓိကအားဖြင့် တဖက်က တရားသူကြီးအနေနဲ့ အရပ်သားကိုယ်စားလှယ်တွေ ခန့်အပ်ထားတာရှိတဲ့အတွက် ဒီပေါ်မှာ ကျနော်တို့ လိုက်နာ ဆောင်ရွက်ဖို့ပါ။” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က JMCU ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဗိုလ်ချုပ် စောအိုင်းဇက် ကလည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုမရှိအောင် ပူးတွဲစောင့်ကြည့်ရမှာဖြစ်ပေမယ့် နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် နှစ်ဖက်လက်နက်ကိုင်ကြားမှာ သံသယစိတ်တွေရှိနေဆဲပဲလို့ ပြောပါတယ်။ “သံသယစိတ်တွေကြောင့်လည်း နှစ်ဖက်ကြား ယုံကြည်မှုနိမ့်ကျနေသေးတာရယ်၊ အန်စီအေကို သဘောပေါက်နားလည်မှုနည်းပါးပြီးတော့ အန်စီအေပါအချက်အလက်တွေပေါ်မှာ ကျနော်တို့ နှစ်ဖက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု မတူခြားနားမှုရှိနေတာကြောင့် ကျနော်တို့ နှစ်ဖက်မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ JMCA ရဲ့အကောင်အထည်ဖော်မှုမှာ ထင်သလောက် ချောချောမွေ့မွေ့ မရှိသေးသလို အခက်အခဲတွေရှိနေသေးတယ်ဆိုတာ အားလုံးကတော့ လက်ခံရမှာဖြစ်ပါတယ်။ ” ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းခဲ့တာ ၂ နှစ်နီးပါးရှိပြီဖြစ်ပြီး ဒီအတောအတွင်း မြို့နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့တွေ အပြင် ဒေသအဆင့်တွေကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့ ၁၁ ကြိမ် မြောက်အစည်းဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024