ဝေဖန်မှုများကြောင့် တရုတ်တွင် လိင်ဆက်ဆံဖော်အရုပ် ငှားရမ်းသည့်ဝန်ဆောင်မှု ရပ်ဆိုင်းခဲ့ရ

ဓာတ်ပုံ - အေအက်ဖ်ပီ
အငြင်းပွားစရာကောင်းတဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် တရုတ်နိုင်ငံမှာ လိင်ဆက်ဆံဖော်အရုပ်တွေ ငှားရမ်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတခုဟာ စတင်ဖွင့်လှစ်ပြီး ရက်အနည်းငယ်အကြာမှာပဲ ရပ်ဆိုင်းခဲ့ရပါတယ်။ အထိအတွေ့လို့ နာမည်ပေးထားတဲ့ အဲဒီကုမ္ပဏီဟာ ဘေကျင်းမြို့မှာ နေ့စဉ် ဒါမှမဟုတ် ကာလရှည်ငှားရမ်းမှုအတွက် မတူကွဲပြားတဲ့ လိင်ဆက်ဆံဖော်အရုပ်ပုံစံ ၅ မျိုးကို မိတ်ဆက်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်ခဲ့တာပါ။ ကုမ္ပဏီဟာ ဈေးကွက်အရ တရုတ်၊ ကိုရီးယား၊ ဂျပန်အမျိုးသမီးပုံစံတူ လိင်ဆက်ဆံဖော် အရုပ်တွေအပြင် နာမည်ကျော်ရုပ်ရှင်ကား Wonder Woman ထဲမှ ဇာတ်ကောင်ပုံစံ ဓားရှည်နဲ့ ဒိုင်းကို ကိုင်ဆောင်ထားတဲ့ အရုပ်တွေကို ခင်းကျင်းပြသခဲ့တာပါ။ ရဲတွေက သူတို့ခင်းကျင်းပြသထားတဲ့ လိင်ဆက်ဆံဖော်အရုပ်တွေဟာ ကြမ်းတမ်း ရိုင်းပြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ ဝေဘို လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် “ဒါဟာ အဆိုးဘက်ကို အကျိုးသက်ရောက်မှု ဖြစ်စေခဲ့တဲ့အတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်” လို့ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ လိင်ဆက်ဆံမှုဆိုတာ ကြမ်းတမ်းတဲ့ လူပြိန်းကြိုက်သဘောတခု မဟုတ်ဘဲ သူတို့အနေနဲ့ အခုထက်ပိုပြီး လူတွေကို ပျော်ရွှင်စေနိုင်ဖို့ ချဉ်းကပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လုပ်ငန်းဟာ စတင်ဖွင့်လှစ်ချိန် မတိုင်ခင်ကတည်းက စိတ်ဝင်စားမှုနဲ့ ကမ်းလှမ်းမှုတွေ အများကြီး လက်ခံရရှိခဲ့ပေမယ့် ဖွင့်လှစ်ပြီး ၂ ရက်အကြာမှာ ပိတ်ခဲ့ရတာလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ “အစမ်းသဘောနဲ့ ကျနော်တို့ အရုပ် ၁၀ ရုပ်ကို ပြင်ဆင်ထားခဲ့တာပါ” လို့ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရသူတဦးက အီးမေးလ်နဲ့ အကြောင်းပြန်ကြားခဲ့ပြီး ဝန်ဆောင်မှု အသုံးပြုသူတွေဆီက အရမ်းကို အပြုသဘောဆန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရဲတွေနဲ့ တခြား ရှုပ်ထွေးတဲ့ လူမှုဝန်းကျင်တွေကြောင့် တရုတ်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့ တကယ့်ကို ခက်ခဲတယ်လို့ ဆိုပါတယ်။ တရုတ်သတင်းမီဒီယာတွေရဲ့ အဆိုအရ အဲဒီကုမ္ပဏီဟာ လိင်ဆက်ဆံဖော် အရုပ်တရုပ်အတွက် တရက်ကို နေ့စဉ်ကြေး ယွမ်ငွေ ၂၉၈ (၄၆ ဒေါ်လာ) နဲ့ ငှားရမ်းတယ်လို့ ဆိုပါတယ်။ မူလက ဈေးနှုန်းကြီးမြင့်တဲ့ ဆီလီကွန်အရုပ်တွေအစား ပိုသက်သာအောင် ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အများပြည်သူကြားမှာတော့ ဒါဟာ ဝေဖန်စရာ ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ ကြိုတင်ဝန်ဆောင်မှုရယူဖို့ ငွေပေးသွင်းထားတဲ့ အသုံးပြုသူတွေကို လျော်ကြေး ၂ ဆ ပြန်လည်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up