အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ်အတွက် စက်လှေ ငှားရမ်းရာမှာ ဒေသ တာဝန်ရှိသူတွေ ရဲ့ ဖိအားပေးမှုတွေကြောင့် စက်လှေပိုင်ရှင်တွေ က မငှားရဲ ဖြစ်နေကြပါတယ်။

မြိတ်မြို့ကနေ ကျွန်းစုမြို့နယ်ကို သွားဖို့ စက်လှေငှားတဲ့ နေရာမှာ အခုလို အခက်တွေ့နေရတာ လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့် က ပြောပါတယ်။
“ကျွန်းစုဆိုတော့ ရေလမ်းခရီးနဲ့ အသွားအပြန် မိုင် ၁၀၀ ကျော် သွားရမှာပေါ့။ ကျနော်တို့ က ရောက်တာနဲ့ လေယာဉ်ပျံ ကွင်းက ဆင်းပြီးတော့ မော်တော်ရှိရာ သွားတဲ့ အခါမှာ ၁၀ နာရီလောက် စထွက်တယ်။ တနာရီ မိုင် ၂၅ လောက်ရှိတဲ့ ပြေးနိုင်တဲ့ ယာဉ်နဲ့ ကျမှ ကျနော်တို့က ညနေ မိုးမချုပ် ခင် ပြန်ရောက် မှာ အခုက အဲဒီဟာတွေ အကုန်လုံးက ငှားလို့ မရဘူး။ ပိုင်ရှင်တွက ငှားချင်တယ်။ မငှားရဲဘူး။ ဒါကြောင့် အခု ကြိုးစားနေတယ်။”
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၂၂ ရက်မှာ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မတ် ၂၄ နဲ့ ၂၅ အားလပ်ရက်နေ့တွေ မှာ မြိတ်နဲ့ ကျွန်းစု၊ မတ် ၂၇ မှာ ပုဂံ ညောင်ဦး ၊ ကျောက်ပန်းတောင်း၊ မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ မတ် ၂၈ မှာ နေပြည်တော်၊ မတ် ၃၁ မှာ ကော့မှူးမြို့နယ်၊ ၀ါးသင်္ခ စတဲ့ဒေသတွေကို သွားရောက်ပြီး ပါတီ စည်းရုံးရေး လူထုဟောပြောပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။