မျိုးသုဉ်းတော့မယ့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့ဆိုရင်

“တောရိုင်းတိရစ္ဆာန် မှောင်ခိုလုပ်ငန်းလုပ်သူ အများစုအတွက် ဒီဈေးကွက်က အမြတ်လည်း များများရသလို အန္တရာယ်အနည်းဆုံးလည်း ဖြစ်နေတယ်။ ဥပဒေပိုင်းအရလည်း တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးတာတွေကို ပြင်းပြင်းထန်ထန် အရေးယူမှု မရှိသေးဘူး။ အခြားရာဇဝတ်မှုတွေနဲ့ နှိုင်းယှဉ်ရင် ပြစ်ဒဏ်ကိုက အရမ်းသက်သာတဲ့ ပြစ်ဒဏ် ဖြစ်နေတယ်”လို့ အင်တာပိုတာဝန်ရှိသူ မစ္စတာစတီးဝတ်က ပြောခဲ့ဖူးတယ်။ သူ့ပြောစကားအတိုင်း ရာဇဝတ်ဂိုဏ်းတွေပါ တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးတဲ့ တရားမဝင် ဈေးကွက်ဆီကို အခြေချ လုပ်ကိုင်နေတာဟာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ တဖြည်းဖြည်းနဲ့ ရှားပါးဇီဝမျိုးစိတ်တွေလည်း မျိုးသုဉ်းပျောက်ကွယ်လုနီးနီး ဖြစ်နေပါတယ်။ ရှားပါးငှက်မျိုးစိတ်တွေ၊ တောရိုင်းဆင်တွေ၊ ကျားတွေ၊ ကြံ့တွေလို  အဏ္ဏဝါဇီဝမျိုးစိတ်တွေဟာ ရှားပါးမျိုးစိတ်အဖြစ် ပျောက်ကွယ်လုနီးနေပြီလို့ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအက်ဥပဒေ (Wild Life Protection Act) ကို ၁၉၃၆ခု နှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၆ ခုနှစ်မှာတော့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး အက်ဥပဒေကို ပြင်ဆင်တိုးချဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ တောရိုင်း တိရစ္ဆာန်နဲ့ အပင်များ  ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (Protection of wildlife  and conservation of  naturalareas law) ဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာတော့ ဒီဥပဒေကိုပဲ အခြေခံပြီး ပြည်သူအများ လေ့လာနိုင်အောင် မကြာသေးမီက ဥပဒေမူကြမ်းအဖြစ် ထုတ်ပြန် ကြေညာခဲ့ပြန်ပါတယ်။၂၀၀၂ ခုနှစ်မှာတော့ နည်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးနဲ့ ဘေးမဲ့တော၊ သဘာဝထိန်းသိမ်းရေးနယ်မြေဆိုင်ရာ အမိန့်တွေကိုလည်း ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့တာတွေလည်း ရှိပါတယ်။ ဥပဒေတွေ ဘယ်လိုကောင်းစွာ ပြုပြင်ပေါ်ထွက်လာခဲ့ပေမယ့် သားရိုင်းတိရစ္ဆာန်မှောင်ခိုဂိုဏ်းကတော့ ကြီးထွားမြဲ ကြီးထွားနေဆဲပါပဲ။ ရှားပါးမျိုးစိတ်အပင်တွေလည်း မှောင်ခိုဈေးကနေ ပြည်ပကို ပို့မြဲပို့နေကြဆဲပါပဲ။ ဒါတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို လေ့လာရင် အကြောင်းရင်းများစွာ တွေ့ရမှာပါ။ အခြေခံအကြောင်းတရားထဲမှာတော့ ဥပဒေရဲ့ ပေးထားချက်ကို လက်တွေ့အကောင်ထည်ဖော်မှု အားနည်းချက်ကို တွေ့ရမှာပဲ ဖြစ်တယ်။ ဘာလို့ လက်တွေ့အကောင်ထည်မဖော်နိုင်ရသလဲ ဆိုရင်တော့ လူအင်အား၊ ဘတ်ဂျက် လိုအပ်မှု၊ တဦးချင်း ကိုယ်ကျင့်တရားမဲ့မှု (အဂတိလိုက်စားမှု)နဲ့ ဥပဒေရဲ့ ချို့ယွင်းမှုတွေကို တွေ့ရမှာပါ။ လူအင်အား ဆိုရာမှာ မှောင်ခိုသွားဖမ်းမယ့် အင်အားစုက မှောင်ခိုသမားထက် ချည့်နဲ့နေတတ်တာမျိုး။ ဖွဲ့စည်းမှု အနေအထားအရ တနိုင်ငံလုံး အတိုင်းအတာဟာ ရှိသင့်တာထက် လူအင်အား နည်းတာမျိုးတွေကို ဆိုလိုတာပါ။ ဘတ်ဂျက်ကိစ္စကတော့ ရှင်းပါတယ်။ ဥပဒေရဲ့ ချိုယွင်းမှုဆိုရာမှာ အခု မူကြမ်းကို နမူနာထား ပြောရရင် ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်များ ချမှတ်ရာမှာ အမြင့်ဆုံးပြစ်ဒဏ်ပါရှိပြီး အနိမ့်ဆုံး ပြစ်ဒဏ် မပါရှိတာမျိုးပေါ့။ နောက်တချက် ပြောစရာရှိတာက အခန်း(၁၁)၊ ပုဒ်မ(၄၁-ဂ) မှာပါတဲ့ “မျိုးသုဉ်းမယ့်အန္တရာယ်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်အဖြစ် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်နဲ့ အပင်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးကို လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းမရှိစေရ”ဆိုတဲ့ ပြဋ္ဌာန်းချက်ကို လက်တလုံးခြားလုပ်ပြီး ပြစ်မှုကျူးစေတတ်တဲ့အတွက်၊ သတိထားသင့်တယ်။ ဒီလို ဥပဒေ အားနည်းချက်တွေ ရှိနေရင်လည်း ပြဋ္ဌာန်းချက်အတိုင်း အကောင်ထည်ဖော်မှုမှာ အဟန့်အတားဖြစ်မှာပါ။ ဒီလိုအချက်တွေကြောင့် ဒီတပတ် DVB ရဲ့ Law Lawb (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ)အစီအစဉ်မှာ “တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များအတွက် ဥပဒေအကာအကွယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြဖို့အတွက် ဦးနေမျိုးရွှေ(အစီအစဉ် ညှိနှိုင်းရေးမှူး၊ တနင်္သာရီထိန်းသိမ်းရေး)၊ ဒေါက်တာသိန်းအောင် (ဥက္ကဋ္ဌ မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း) ဒေါ်စံပယ်မင်း(စီမံကိန်းမန်နေဂျာ၊ သားငှက် တရားမဝင် ကုန်သွယ်မှုဌာန၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့)တို့ကို ဖိတ်ကြားခဲ့ပါတယ်။ ပထမဆုံး အစီအစဉ်တင်ဆက်သူ ဦးခင်သန်းက “တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအတွက် ဥပဒေတွေမှာ ပြစ်ဒဏ်တိုးမြှင့်ရုံနဲ့ ဥပဒေကိုမွမ်းမံ ပြင်ဆင်ရုံနဲ့ရပါ့မလား”  ဆိုတဲ့ အမေးကိုတော့ ဦးနေမျိုးရွှေက ဖြေကြားခဲ့ပါတယ်။ သူက “ပြစ်ဒဏ်တိုးမြှင့်လာတာ ကောင်းပါတယ်။ ဒါပေမယ့် အကောင်ထည်ဖော်ရာမှာ အလိုအပ်ဆုံးက ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ပါပဲ”လို့ ဖြေကြားခဲ့တယ်။ ဒေါက်တာသိန်းအောင်ကတော့ “ငှက်တွေအပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို စားဖို့ပဲဖြစ်ဖြစ် ပြန်လွှတ်ဖို့ပဲဖြစ်ဖြစ် ဈေးကွက်တင်လာကတည်းက ဆုံးရှုံးမှုဖြစ်တာပဲ။ ထိရောက်တဲ့ အကာကွယ်လုပ်ပေးသင့်တယ်”လို့ ဆိုပါတယ်။ ဒေါ်စံပယ်မင်းကတော့ “ကာကွယ်ရေးအဖွဲ့တွေကို အောက်ခြေအထိ ဆင်းဖွဲ့ဖို့လိုတယ်။ သက်ဆိုင်ရာ ဒေသအလိုက် ဒေသခံတွေပါဖို့ လိုတယ်။ ဒါမှ ထိထိရောက်ရောက်ကာကွယ်နိုင်မယ်”လို့ ဆိုပါတယ်။ အားလုံးက တညီတညွတ်တည်း အကြံပြုဆွေးနွေးသွားကြတာကတော့ “သဘာဝဝန်းကျင်ရဲ့ ဂေဟစနစ်နဲ့ ဇီဝမျိုးစိတ်ထိန်းသိမ်းရေးအတွက် တတ်သိနားလည်တဲ့ ပညာရှင်တွေ ထပ်မံဖြည့်စွက်ဖို့လိုတယ်။ အချို့ကိုပ ညာသင်လွှတ်ပြီး ဒီထက်မက တိုးချဲ့သင့်တယ်” လို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေ ကာကွယ်ဖို့ဆိုရင် သာမန်လုပ်ထုံးလုပ်နည်းအပြင် ပိုမိုထိရောက်တဲ့ လုပ်ငန်းစဉ်ကို ထပ်မံအဖြေရှာဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်အရသာမကပဲ ပညာပေးစည်းရုံးမှုအရလည်း အခြေခံပညာအဆင့်မှ အစပြုလုပ်ဆောင်သင့်ပါကြောင်း၊ တရားမဝင် တောရိုင်းတိရိစ္ဆာန်နဲ့အပင်တွေ ရောင်းဝယ်နေတဲ့ ဈေးကွက်ကို ထိန်းချုပ်နိုင်ရာလည်း လိုအပ်နေပါကြောင်း အလေးအနက်တင်ပြ လိုက်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up