ရွှေတိဂုံစေတီတော် နိုင်ငံခြားသားဧည့်ဝင်ကြေး ၁ သောင်းနှုန်း တိုးမြှင့်ကောက်မည်
DVB
·
September 17, 2017
ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို အခုနှစ် ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကျပ်တစ်သောင်း တိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။
သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဧည့်ဝင်ကြေး တဦးကို ကျပ်ရှစ်ထောင် ကောက်ခံ နေတာဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်ကစ ကျပ်တစ်သောင်းနှုန်း ကောက်ခံသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကလည်း စက်တင်ဘာ ၁၃ ရက်က သက်ဆိုင်ရာအသီးသီးကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ရွှေတိဂုံစေတီတော်ရဲ့ နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ပြီးခဲ့တဲ့ မေလကတည်းက တိုးမြှင့် ကောက်ခံဖို့ စီစဉ်ခဲ့ပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေက ခြောက်လလောက် ကြိုတင်ကြေညာဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုမှုကြောင့် ဒီဇင်ဘာမှ တိုးမြှင့်ကောက်ခံရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။