Home
မြန်မာသတင်း
မြိတ်တွင် ကျပ်သိန်း ၂၁၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
September 16, 2017
မြိတ်မြို့နယ်၊ သဘွတ်ကျေးရွာအုပ်စု၊ ပရည်တောင်ကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၆ နာရီခွဲလောက်က သိန်း ၂၁၀၀ ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ ပရည်တောင်ကျေးရွာနေ အောင်မင်းဦးရဲ့နေအိမ်မှာ မူးယစ်ဆေးရောင်းဝယ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်ရှာဖွေရာ ဆေးပြား ၄၃,၀၀၀ ကျော်ကို ရှာဖွေ သိမ်းဆည်းရမိတယ်လို့ ရဲအုပ်ခင်မောင်အေးက ပြောပါတယ်။ "ပရည်တောင်ရွာက အောင်မင်းဦးရဲ့ အိမ်မှာ မူးယစ်ဆေးရောင်းဝယ်နေတယ် သတင်းရလို့ ကျနော်တို့အဖွဲ့က သက်သေတွေနဲ့အတူ ဖမ်းဝရမ်းနဲ့ သွားရှာတော့ အောင်မင်းဦးက ထွက်ပြေးတိမ်းရှောင်သွားတယ်၊ သူ့အစ်မ ဝေမာလွင်ပဲရှိတယ်။ သူ့ရှေ့မှာပဲ နေအိမ်ထဲလိုက်ရှာတော့ အောင်မင်းဦးအိပ်တဲ့ အိပ်ခန်းကုတင်အောက်မှာ WY စိတ်ကြွဆေးပြား ၄၃,၀၀၀ တွေ့တယ်၊ ထပ်ရှာတော့ အိမ်နောက်ဖေး ဘီရိုပေါ်က ဓာတ်ဘူးဟောင်းထဲမှာ ၅၈ ပြား ထပ်တွေ့တယ်၊ အားလုံး ၄၃,၀၅၈ ပြား တွေ့တာပေါ့ (ကာလတန်ဖိုးကျပ်- (၂၁,၅၂၉၀,၀၀၀)။ နာက်ထပ် ထပ်ရှာတော့ ဧည့်ခန်းအဝတ်ဘီရိုထဲမှာ မူးယစ်ဆေးရောင်းချလို့ရတဲ့ မြန်မာငွေ ရောနှော ၂၈ သိန်း ၁ သောင်းကို သက်သေတွေရှေ့မှာပဲ သိမ်းဆည်းခဲ့ပါတယ်" လို့ ရဲအုပ်ခင်မောင်အေးက ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါမူးယစ်ဆေးတွေကို ဝေမာလွင် နဲ့ မောင်ဖြစ်သူ အောင်မင်းဦးတို့ အတူပူးပေါင်းရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ ထွက်ပြေးနေတဲ့ အောင်မင်းဦးကို ဖမ်းဆီးရမိရေး မြိတ်မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံစုံစမ်းရာ မနက် ၁၀ နာရီခွဲအချိန် ဂေါက်ကွင်းလမ်းဆုံမှာ ဖမ်းဆီးရမိပြီး ခန္ဓာကိုယ်အား ရှာဖွေရာ ဖုန်းတစ်လုံးတွေ့ရှိတယ်လို့ ရဲအုပ်က ပြောပါတယ်။ ဖုန်းမှတ်တမ်းတွေကို စစ်ဆေးရာ သူတို့နဲ့အတူ မူးယစ်ဆေးရောင်းဝယ်ရာမှာ ကြီးကြပ်ကွပ်ကဲပြီး ကိုယ်တိုင်ရောင်းဝယ်သယ်ဆောင်တဲ့ မမ(ခ) ဝင်းဝင်းမော် နဲ့ ဆက်သွယ်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ့ရှိတယ်လို့ ဆိုပါတယ်။ "အောင်မင်းဦးကို မူးယစ်ဆေးလာပို့တဲ့သူက မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတရပ်၊ သဲကွင်း ၄ လမ်းမှာနေတဲ့ ဝင်းဝင်းမော် ရဲ့ အိမ်ကို ဖမ်းဝရမ်းအမှတ် (၆၁/၂၀၁၇)နဲ့ သွားပြီး ရှာဖွေဖမ်းဆီးတော့ ဝင်းဝင်းမော်က အိမ်မှာမရှိဘူး ထွက်ပြေးတိမ်းရှောင်နေပါတယ်"လို့ ရဲအုပ်ခင်မောင်အေးမှ ထပ်မံပြောကြားပါတယ်။ မူးယစ်ဆေးတွေအား ကိုယ်တိုင်ဖြန့်ဖြူးပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝင်းဝင်းမော်အား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရပါတယ်။ မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားသူ ဝေမာလွင် နဲ့ အောင်မင်းဦး တို့အား မြိတ်မြို့မရဲစခန်းမှ မယ(ပ)၁၅၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024