Home
အနုပညာ
မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်နေ့အဖြစ် ပုသိမ်မြို့တွင် ဇာတ်ကား ၅ ကား အခမဲ့ပြသ
DVB
·
September 15, 2017
မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့၊ ရွှေပြည်တော်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဇာတ်ကား ၅ ကားကို ဒီကနေ့မနက် ၈ နာရီခွဲအချိန်ကစပြီး အခမဲ့ပြသနေပါတယ်။ ဒီမိုကရေစီစနစ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တာဝန်သိတတ်မှုတွေ စည်ကမ်းတွေကို ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာအောင် ပညာပေးမှုတွေ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ကြီးမြတ်သောမြန်မာ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ သရာစောထိနဲ့ နေခြည်မှာ ရွှေရည်လောင်း ဇာတ်ကားတွေကို ဒီကနေ့ည ၈ နာရီအချိန်အထိ အချိန်တွေခွဲပြီး အခမဲ့ပြသနေတာပါ။ ရုပ်ရှင်ဇာတ်ကားတွေကို စက်တင်ဘာလ ၁၅ ရက်နေ့ တရက်တည်း အခမဲ့ပြသသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိကိုတော့ ရုံတင်ထားမှာဖြစ်ပြီး ဒီကနေ့ ပြသတဲ့ အချိန်တွေအတိုင်းပဲ အခကြေးငွေနဲ့ ပြသသွားမယ်လို့ ဧရာဝတီတိုင်းရုပ်ရှင်နှင့် ဗွီဒီယိုအခြေခံအဖွဲ့ အတွင်းရေမှူး ဦးသိန်းထွန်းဝင်းက ပြောပါတယ်။ ပြသမယ့် အချိန်တွေကတော့ မနက် ၈ နာရီ ၃၀ မိနစ်မှာ မြန်မာလူမျိုးတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့တွေကို ဖော်ပြရိုက်ကူးထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ဇာတ်ကားဖြစ်တဲ့ “ကြီးမြတ်သောမြန်မာ” ရုပ်ရှင်ဇာတ်ကား၊ မနက် ၁၁ နာရီအချိန်မှာတော့ ဟာသဇာတ်ကားဖြစ်တဲ့ “ဒီမိုရပ်ကွက်” ရုပ်ရှင်ဇာတ်ကား၊ နေ့လယ် ၂ နာရီအချိန်မှာတော့ ငြိမ်းချမ်းရေးဟာ လူ့အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးပုံကို ပြသထားတဲ့ “တိမ်ပြာသောနေ့” ရုပ်ရှင်ဇာတ်ကား၊ ညနေ ၅ နာရီအချိန်မှာတော့ ကရင်ပြည်နယ်ကို အခြေပြုရိုက်ကူးထားတဲ့ “သရာစောထိ” ရုပ်ရှင်ဇာတ်ကားနဲ့ ည ၈ နာရီအချိန်မှာတော့ ဆရာတွေရဲ့ စေတနာ၊ ကရုဏာ၊ အနစ်နာခံပုံတွေကို ရသမြောက်အောင် ပုံဖော်ထားတဲ့ “နေခြည်မှာရွှေရည်လောင်း” ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့ ဒီမိုကရေစီရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ဒီကနေ့မနက် ၇ နာရီက ရွှေပြည်တော် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ ပုသိမ်မြို့ရွှေပြည်တော်ရုပ်ရှင်ရုံ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးနိုင်က ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို ဒီကနေ့မှာ မြန်မာနိုင်ငံရဲ့မြို့ကြီးတွေက ရုပ်ရှင်ရုံ ၄၄ ရုံမှာ ပြုလုပ်နေတာဖြစ်ပြီး ဧရာဝတီတိုင်းမှာတော့ ပုသိမ်မြို့နဲ့ ဖျာပုံမြို့က ရုပ်ရှင်ရုံတွေမှာ ကျင်းပ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024