ဝမ်းတွင်းတွင် ကားတစီးတိမ်းမှောက်၊ ၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မိုင်တိုင် ၃၆၆/၅နဲ့ ၆ အကြား စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခွဲက အလုပ်သမားနဲ့ ကောက်စိုက်သမတွေ တင်လာတဲ့ကား တိမ်းမှောက်ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မန္တလေးဘက်ကို ဦးတည်ပြီး ယာဉ်မောင်း ကိုမြင့်ဆွေ မောင်းလာတဲ့ ကင်တာကားဟာ ကွန်ကရစ်လမ်းပေါ်က မိုးရေတွေကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ ကားပေါ်ပါလာသူ ၁၀ ဦးအနက် ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်ခင်မောင်တင့်က “သခွတ်မြင့်ရွာက စပါးတွေ သွားတင်မယ့်ကားပေါ့၊ ဒိုင်ကောင်းကုန်း ရွာကောက်စိုက်လာသူတွေ ဘုရားဖြူရွာအပြန် လမ်းကြုံလို့ တင်လာတယ်၊ အမျိုးသားတွေက စပါးအတင်အချလုပ်မယ့် အလုပ်သမားတွေပါ၊  နှစ်ဦးကတော့ လက်ကျိုးသွားလို့ မန္တလေးဆေးရုံ လွှဲလိုက်တယ်၊ ကျန်တဲ့သူတွေကတော့ ဝမ်းတွင်းဆေးရုံမှာပဲ ဆေးကုတယ်၊ အားလုံး မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းက ယာဉ်မောင်း ကိုမြင့်ဆွေကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

More News
Up