DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရသည့် ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်အပါအဝင် ၆ ဦး လွတ်မြောက်
DVB
·
September 15, 2017
ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရသည့် ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်အပါအဝင် ၆ ဦး လွတ်မြောက်
Donate to DVB

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေ အပါအဝင် ၆ ဦးရဲ့အမှုကို ဒီကနေ့ သီပေါမြို့နယ် တရားရုံးက ရုပ်သိမ်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

တရားစွဲဆိုခံခဲ့ရတဲ့ ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်က “၆ ယောက်စလုံးကို လွှတ်လိုက်ပြီ ၁၇(၁) နဲ့နော်။ ပြီးတော့ ၁၇(၁) နဲ့ပဲ အမှုတွဲထားတဲ့ တရားခံပြေး ၄ ယောက်၊ ဖမ်းမမိတဲ့ ၄ယောက် အဲဒီလူတွေကိုလည်း လွှတ်လိုက်ပြီ။ ကျန်တာ ကားကိစ္စပဲ ကျန်တော့တယ်။ တရားမဝင်ကားကိစ္စ၊ အဲဒါကလည်း စွဲချက်တင်သင့်မတင်သင့် နေ့ခင်း ၁ နာရီမှာ ဆုံးဖြတ်မယ်။ နောက်တခုက အစ်ကိုတို့က ပစ္စည်းတွေ ပြန်မရသေးဘူး။ ပစ္စည်းတွေလျှောက်ထားတာက တလလောက်ကြာမှ ပြန်ရမယ်။ မှတ်ပုံတင်တခုကတော့ ပေးတယ်။ ဒီနေ့ပေးမယ်ပေါ့နော်။” လို့ ပြောပါတယ်။

သတင်းထောက်တွေရဲ့ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ ဒီလို သတင်းထောက်တွေကို လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်တဲ့အချက် ၂ ချက်ရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ ဒီအမှု နောက်ဆုံး အဆုံးသတ်တဲ့နေ့ပါပဲ။ မင်္ဂလာရှိတဲ့နေ့ပါပဲ။ ဒီအမှုကို နိုင်ငံတော်အစိုးရဘက်က ရှေ့နေချုပ်တွေက အဆင့်ဆင့်တင်ပြပြီးတော့ ဒီအမှုကို ရုပ်သိမ်းတဲ့စာ တင်ခဲ့ပါတယ်။ တင်တဲ့အပေါ်မှာ တရားရုံးကလည်းပဲ ရုပ်သိမ်းတာကို ခွင့်ပြုခဲ့ပါတယ်။ တရားသူကြီးရဲ့အမိန့် ဖတ်ကြားပြတဲ့အခါမှာ အဓိကအားဖြင့်တော့ ဒီလိုရုပ်သိမ်းမှုကို ခွင့်ပြုလိုက်တာက အကြောင်း ၂ ချက်ရှိပါတယ်။ တခုကတော့ စွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်တွေက သတင်းသမားတွေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်ရယ်။ နောက်တခုက သတင်းသွားယူတဲ့ အဖွဲ့အစည်း တီအန်အယ်ယ်အေ တအာင်းလက်နက်ကိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့အဖွဲ့ ဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်မတော်ကလည်း ပါဝင်နေတဲ့အဖွဲ့ ဖြစ်တယ်။ အဲတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အရ တိုင်းပြည်က ငြိမ်းချမ်းရေးထူထောင်နေတဲ့ ကာလဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ရေး ရှေ့ရှုပြီးတော့ပဲ ဒီအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်တာ။”

အမှုကို ပိတ်သိမ်းလိုက်တဲ့အတွက် သိမ်းထားတဲ့ သက်သေခံပစ္စည်း ပြန်ထုတ်ပေးဖို့ လျှောက်ထားရာမှာ လုပ်ထုံးလုပ်နည်းအရ ရက်ပေါင်း ၃၀ ကျော်တဲ့အခါကျမှ ထုတ်ပေးမယ်လို့ အမိန့်ချကြောင်းလည်း ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံခဲ့ရတဲ့ မိုင်းဆန်းညွှန့်က “ကျနော် ဒီအဖြစ်မျိုးက တခါမှလည်း မကြုံခဲ့ဖူးဘူးပေါ့နော်။ ဒီ ၁၇(၁) ဘာလဲ ကျနော်လည်းမသိဘူး။ အဲဒီ တအာင်းပလောင်နယ်မြေ ဘက်ကို ဒါ ကျနော် ပထမဆုံးရောက်ခဲ့ဖူးတာ။ ကျနော်က လက်ဖက်ကိစ္စ သွားလေ့လာတာပေါ့။ အပြန်ကျတော့ သတင်းထောက်တွေနဲ့ လမ်းကြုံပြီးတော့ ကျနော့်ကားနဲ့ လိုက်ခဲ့တာပေါ့။ အဲဒီပွဲ (မူးယစ်ဆေးဝါးမီးရှို့ပွဲ) ရှိတယ်ဆိုတော့ ဝင်ပြီးတော့မှ ပြန်တဲ့အချိန်က သူတို့ (သတင်းထောက်တွေ) လည်း လမ်းကြုံပြီးတော့ ကျနော့်ကားနဲ့ လိုက်ခဲ့တာပေါ့” လို့ ပြောပါတယ်။

တီအန်အယ်လ်အေအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်ခြင်း မရှိခဲ့တဲ့အကြောင်းနဲ့ ဘုရားဖူးလိုက်လာရင်း ခုလို တရားစွဲ ဖမ်းဆီးခံခဲ့ရတဲ့အတွက် ထိခိုက်နစ်နာခဲ့ရတယ်လို့ စိုင်းအောင်ခမ်းက ပြောပါတယ်။

“ကျနော် နမ့်ဆန်ကို တခေါက်မှ မရောက်ဖူးပါဘူးဗျာ။ အဲဒီတဝိုက်ကို ကျနော် ရောက်ကိုမရောက်ဘူးတာ။ ဒီတခါပဲ ကျနော်ရောက်ဖူးတာ။ ကျနော်က ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ သိန်းအင်ကျေးရွာမှာ နေပါတယ်။ ကျနော်က အဲဘက်ကို ဘုန်းကြီး ဘုရားဖူးခရီးစဉ်ခေါ်လို့ ကျနော်လိုက်ခဲ့တာပါဗျာ။ အဲဒီနေရာမှာပဲ ကျနော်တို့ ကားရပ်ပြီးတော့ သူတို့ကားရောက်လာတော့ သူတို့ကားစစ်ရင်းနဲ့ ကျနော်က ရောပြီးပါလာတာ။ ကျနော် ဘာမှလည်းမသိဘူး။ ဥပဒေအကြောင်းအရာလည်း သိပ်မသိဘူး။ တခါမှလည်း ဒီလိုကိစ္စမျိုးလည်း မကြုံဖူးဘူးဆိုတော့လေ။ ကျနော်တို့ဘက်က စဉ်းစားကြည့်ရင်တော့ နည်းနည်းတော့ နစ်နာတာပေါ့။ ကျနော်တို့က တောသူတောင်သားတွေဆိုတော့ ဘာမှလည်းမတတ်၊ ဘာမှလည်းမရှိပါဘူး။ လက်လုပ်လက်စားပဲ။ ကျနော် ထောင်ထဲရောက်တော့ ကျနော့်အဖေလည်း ဆေးရုံတင်ရတယ်” လို့ ပြောပါတယ်။

ဒီဗွီဘီသတင်းထောက်တွေ အပါအဝင် သတင်းသမားတွေနဲ့ လူပုဂ္ဂိုလ် ၈ ဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ကျေအေးပြီး ပြန်ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်က စက်တင်ဘာ ၁ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ ကြေညာချက် ထွက်လာပြီးနောက် ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေကို အာမခံနဲ့ ပြန်လွှတ်ပေးထားတာဖြစ်ပြီး ဒီကနေ့မှာ တရားရုံးက အမှုရုပ်သိမ်းကြောင်း အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013