Home
မြန်မာသတင်း
တရုတ် ရေလှောင်ကန်အနီး ဥယျာဉ်ခြံ မချဲ့ရ
DVB
·
March 21, 2012
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီရဲ့ ရေလှောင်ကန်နံဘေးမှာ ဥယျာဉ်ခြံအသစ် ထပ်မံ လုပ်ကိုင်ခွင့်ကို တားမြစ်တဲ့ အမိန့် ထုတ်ပြန် လိုက်တာကြောင့် ဒေသခံ ဥယျာဉ်ခြံသမားတွေ အခက်တွေ့နေကြပါတယ်။ ကျောက်ဖြူမြို့နယ် ပဒဲကျွန်းကျေးရွာ အုပ်စု ရွာမ ရွာမှာ အခြေပြုတဲ့ တရုတ် CNPC ကုမ္ပဏီက ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံတွေ တင်ပို့မယ့် စက်ရုံတွေအတွက် လိုအပ်တဲ့ ရေချိုရရှိဖို့ ပြုလုပ်ထားတဲ့​ ​ရေလှောင်ကန်ဘေးမှာ ဥယျာဉ်ခြံအသစ် ထပ်မံလုပ်ကိုင်တာတွေ၊ ကျွဲနွား တိရိစ္ဆာန်တွေ မွေးမြူဖို့ ခွင့်မပြုတာတွေ၊ အဆောက်အဦနဲ့ ယာယီတဲတွေ ဆောက်လုပ်ဖို့ ခွင့်မပြုဘူး ဆိုပြီး ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး က အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီရွာမရွာက ဥယျာဉ်ခြံအလုပ်သမား ဦးထွန်းမောင်နုက ကိုယ့်မြေပေါ်မှာ ကိုယ် လုပ်ကိုင်ခွင့် မရဖြစ်နေ လို့ အခက်တွေ့တယ်လို့ ပြောပါတယ်။ “ဥယျာဉ်အသစ် ထပ်ချလို့ မရဘူး။ ကျွဲ နွား တိရစ္ဆာန်တွေ ကမ်းနားမှာ မွေးလို့ မရဘူးတဲ့။ အဆောက် အဦတွေ ဆောက်လို့ မရဘူး။ သူတို့ပိုင်တဲ့ မြေမဟုတ်ဘူးနော်။ ကိုယ်ပိုင်တဲ့ မြေမှာကိုပဲ အဲ့လို အမိန့် ထုတ်ထားတာ။ ကျနော်တို့ အတွက်တော့ အခွင့်အရေး ဆုံးရှုံးတယ် လို့ မြင်တယ်။” ဧက ၄၀ ၀န်းကျင် ကျယ်ဝန်းတဲ့ အဲဒီရေလှောင်ကန် တည်ဆောက်ဖို့ ၂၀၁၀ ခုနှစ် မှာ ဒေသခံရွာသား ၄၀ ခန့်ရဲ့ စပါးခင်းတွေနဲ့ ဥယျာဉ်ခြံမြေ ဧက ၆၀ ကျော်ကို ကုမ္ပဏီက လျော်ကြေးပေးပြီး သိမ်းယူခဲ့တာလို့ သူက ရှင်းပြပါတယ်။ ၂၀၁၁ မိုးရာသီမှာတော့ CNPC ကုမ္ပဏီက အဲဒီ တောင်ကျချောင်းကို ပိတ်လိုက်လို့ ကန်ရေပြည့် လာတဲ့အတွက် ဖြတ်သန်းခွင့်မပေးလို့ ကန်အနီးနားက ခြံရှင် ၂၀ ကျော်ဟာ ၁၅ မိနစ်ခရီးကို အခုတော့ နာရီနဲ့ချီ သွားနေရတာကြောင့်  ခြံထွက်သီးနှံတွေ သယ်ဆောင် ဖို့ ခက်နေတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024