မှောင်ခိုတင်သွားလာသည့် လူဝံလေး ၂ ကောင်ကို ထိုင်းက ထိန်းသိမ်းထား

ဓာတ်ပုံ - ရိုက်တာ
တရားမဝင် မှောင်ခိုတင်သွင်းလာတဲ့ အသက် ၂ နှစ်သား စူမားတြား လူဝံလေး ၂ ကောင်ကို ထိုင်းနိုင်ငံအလယ်ပိုင်း ရပ်ခ်ျဘူရီခရိုင်ထဲက ခေါင့်ပရာတဘ်ချန် သားရိုင်းပျိုးထောင်ရေးဌာနမှာ စက်တင်ဘာ ၁၃ ရက်နေ့က ထိန်းသိမ်းထားပါတယ်။ လူဝံအထီးအမတစုံကို ဇွန်လက ပဒန်ဘေဆာ အကောက်ခွန် စစ်ဆေးရေးရုံးမှာ တခြား သားရိုင်းတိရစ္ဆာန်တွေနဲ့အတူ မှောင်ခိုသွင်းလာခဲ့တာလို့ ထိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အသက် ၆၃ နှစ်အရွယ် မလေးရှားနိုင်ငံသားတယောက်ကို ဖမ်းထားပါတယ်။ လူဝံလေးတစုံဟာ ခုတော့ မွေးမြူရေးဌာနမှာ တခြား လူဝံပေါက်လေး ၂ ကောင်နဲ့အတူ ရှိနေပါတယ်။ “ဒီလူဝံတွေကို တရားရုံး အမှုပြီးတဲ့အထိ ဒီဌာနမှာ ထားမယ်၊ လူဝံတွေကို ပြန်ပို့စေချင်သလား ဆိုတာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရတဲ့အထိ စောင့်မယ်" လို့ ဌာနဆိုင်ရာညွှန်မှူး ဘန်ပေါ့ မာလီးဟွမ်က ပြောပါတယ်။ သစ်ပင်တက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး နို့တိုက်သတ္တဝါ လူဝံတွေဟာ မျိုးသုဉ်းမယ့်ဘေးနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ မျိုးစိတ်အဖြစ် အဆင့်သတ်မှတ်ခံထားရပါတယ်။ မျိုးသုဉ်းမယ့်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေ ကုန်ကူးမှုတားဆီးရေး နိုင်ငံတကာအဖွဲ့က ခုလို သတ်မှတ်ထားတာပါ။ ဒီလူဝံတွေဟာ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ သဘာဝအတိုင်း နေထိုင်ကျက်စားပါတယ်။ စူမားတြားလူဝံတွေဟာ တောနက်ထဲမှာ အကောင်ရေ ၆၆၀၀ ပဲ ကျန်တယ်လို့ ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က ခန့်မှန်း ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up