DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင်နှင့်တွေ့ဆုံ
DVB
·
March 21, 2012
သမ္မတဦးသိန်းစိန် ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင်နှင့်တွေ့ဆုံ
1 / 2
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ အထွေထွေ အတွင်း ရေးမှူး ငုရင်ဖူထရောင်နဲ့ အင်္ဂါနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ အာဏာရ ပါတီတွေ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီတို့ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ခေါင်းဆောင်မှု အတွေ့အကြုံတွေ ဖလှယ်ကြ ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မဲခေါင်ဒေသတွင်း (၃) နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်နေရာ မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က သမ္မတနန်းတော်မှာ  ဗီယက်နမ် သမ္မတ တူအွန်တန်ဆန်းနဲ့ တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ် ငုရင်တန်ဒေါင်း အပါအ၀င် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပါတယ် လို့  ဗီယက်နမ် သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံအကြား စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လာမယ့် ၂၀၁၅မှာ နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထိ ရောက်အောင် တိုးမြှင့် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗီယက်နမ် အွန်လိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ ခရီးသွား လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း နဲ့ ဘဏ်လုပ်ငန်းတွေ အလားအလာ ရှိတဲ့အတွက် ဗီယက်နမ် လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြုပ်နှံနိုင်အောင် သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးပေးမယ်လို့ ပြောပါတယ်။

၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ ဗီယက်နမ်ရဲ့ ထောက်ခံမှုကို လည်း ကျေးဇူးတင် တယ်လို့ ပြောပါတယ်။ ဗီယက်နမ်နဲ့ မြန်မာဟာ ၁၉၄၇ ခုနှစ် လောက် ကတည်းက သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်နေရာ မှာ နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့  ပို့ကုန် အမေရိကန်ဒေါ်လာ ၈၃ သန်းလောက် အပြန်အလှန် တင်ပို့နေတာပါ။

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနည်းတူ ၁၉၉၄ ခုနှစ်ထိ အမေရိကန်ရဲ့ စီးပွာေးရး ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်မှာ ကုန်သွယ်မှု ပိတ်ဆို့တာ ပယ်ဖျက်ခဲ့ပြီး နောက်မှာ အနောက်အုပ်စု ကုမ္ပဏီတွေ အများအပြား ဗီယက်နမ်မှာ သွားရောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံ  စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာတာပါ။

ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းထိ အမေရိကန်ဒေါ်လာ ၂၃သန်း ခွဲကျော် ရင်းနှီးမြှုပ်နှံ ထားပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အဖွဲ့ဝင် ၆၀လောက် ပါတဲ့ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့စေလွှတ်ပြီး ကုန်သွယ်ရေးနဲ့ ခရီးသွား လုပ်ငန်းတွေမှာ သဘောတူစာချုပ် ၁၂ ခုလောက် လက်မှတ်ရေးထိုးသွားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေး ၊ လယ်/ဆည် ဆောက်လုပ်ရေး၊ စီးပွားကူးသန်း၊ သစ်တော၊ ဟိုတယ်ခရီးနဲ့ အားကစားဝန်ကြီးတွေ အပါအ၀င် တပ်မတော်  ဒု-ကာချုပ်လည်း လိုက်ပါ သွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ် ခရီးစဉ်အပြီး ကမ္ဘောဒီယားနိုင်ငံကို မတ် ၂၁ ရက်နဲ့ ၂၂ ရက် သွားရောက်မှာ ဖြစ်ပြီး နောက် လာအို နိုင်ငံကို သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013