ကျောင်းသားတဦး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ - TheChristinaXX/Twitter
3K
အမေရိကန်နိုင်ငံ အထက်တန်းကျောင်းတကျောင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က ကျောင်းသားတဦး သေနတ် ၂ လက်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ ကျောင်းသား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရကာ ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။
ဝါရှင်တန်ပြည်နယ်က ဖရီးမန်း အထက်တန်းကျောင်းမှာ လူသတ်သမားကျောင်းသားက သေနတ် ၂ လက်နဲ့ စင်္ကြန်လမ်းတလျှောက် ပစ်ခတ်ချိန်မှာ ထိတ်လန့်နေတဲ့ ဆယ်ကျော်သက်ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေက အတန်းတွေထဲက ခုံအောက်တွေမှာ ဝင်ပုန်းနေရတယ်လို့ ရဲတွေက ပြောပါတယ်။
သေနတ်ပစ်ခတ်စဉ် ပထမဦးဆုံး ရဲရင့်တဲ့ ကျောင်းသားတဦးက တားမြစ်ဖို့ ကြိုးစားခဲ့ရာမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်လို့ အဲဒီကျောင်းသား သေဆုံးခဲ့ပါတယ်။ ဒီနောက် စင်္ကြန်လမ်းပေါ်က တခြားကျောင်းသား ၃ ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်၊ ပစ်ခတ်ခံရသူတွေက မိန်းကလေးတွေလို့ ယူဆရကြောင်း ဆိုပါတယ်။
ပစ်ခတ်ခံရသူ ၃ ဦးကို ဆေးရုံပို့ထားပြီး အသက်ရှင်မယ်လို့ မျှော်လင့်ရတယ်၊ သေနတ်သမားကိုတော့ အချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အသက် ၁၅ နှစ်အရွယ် ကျောင်သား မိုက်ကယ်ဟာပါက သေနတ်သမားဟာ သူ့ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်နိုင်တဲ့သူလို့ the Spokesman-Review သတင်းဌာနကို ပြောပါတယ်။
“သူက Breaking Bad ဆိုတဲ့ ပွဲကို နှစ်သက်တယ်၊ သူကြည့်ရတာ ဘယ်တုန်းကမှ ပြဿနာတွေ ရှိတဲ့ပုံ မပေါ်ပါဘူး။ သူက အမြဲတမ်း ကောင်းပါတယ်။ ပျော်ပျော်နေတတ်တယ်၊ ပြီးတော့ ထူးထူးဆန်းဆန်း ကြောင်တောင်တောင်နဲ့” လို့ မိုက်ကယ်ဟာပါက ပြောပါတယ်။
ကျောင်းသားတွေကို အဲ့ဒီမြင်ကွင်းကနေ ဘေးအန္တရာယ်ကင်းရှင်းတဲ့ အနီးအနား မူလတန်းကျောင်းနား ရွှေ့ပြောင်းပြီးနောက် ခရစ္စတီးနားဆိုတဲ့ ကျောင်းသူတဦးက စိုးရိမ်ထိတ်လန့်နေတဲ့ ကျောင်းသားတွေရဲ့ပုံကို လူမှုကွန်ရက်ပေါ်တင်ပြီး “လတ်တလော ဖရီးမန်း မူလတန်းကျောင်းမှာ ကျမက အထက်တန်းကျောင်းကနေ ဘေးကင်းရာကို ရွှေ့ခံထားရတဲ့ အငယ်တန်းကျောင်းသူပါ၊ အနည်းဆုံး သေနတ်လေးချက် ပစ်ခတ်ခဲ့တယ်” လို့ ရေးထားပါတယ်။
နောက်ထပ် အမည်မဖော်ပြတဲ့ ကျောင်းသားတဦးကလည်း ဒေသခံသတင်းဌာနကို ထိတ်လန့်စရာဖြစ်ရပ်အကြောင်း အခုလို ပြောပါတယ်။
“ကျနော့်အခင်ဆုံးသူငယ်ချင်းတွေထဲက တဦး လက်ဆွဲအိတ်ထဲ သေနတ်ထည့်ပြီး ကျောင်းကို ယူလာတယ်။ ပြီးတော့ ၁ ယောက်သေတယ်၊ ၃ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့အားလုံး အခန်းထောင့်မှာ ပုန်းနေရတယ်။ ကျနော်တို့တွေ ငိုနေကြတယ်၊ အပေါ်ထပ်မှာ သေနတ်သံကြားရပြီး လူအားလုံးက အော်ဟစ်ပြေးလွှားနေကြတယ်” လို့ ပြောပါတယ်။
သေနတ်မပစ်ခတ်ခင် ကျောင်းသားက “သူ အသတ်ခံရနိုင်တဲ့ မိုက်မဲတဲ့အလုပ်တခု လုပ်တော့မှာဖြစ်ကြောင်း” ရေးထားတဲ့ စာရွက်ကလေးတွေကို ပေးခဲ့ကြောင်း နောက်ကျောင်းသားတဦးက ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲက ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပစ်ခံရသူအရေအတွက် သတင်းထုတ်ပြန်ချက်တွေက ကွဲပြားမှုရှိတယ်လို့လည်း ဆိုပါတယ်။
မီးသတ်အရာရှိက ၁ ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်လို့ အတည်ပြုပြောကြားကာ ဆေးရုံကတော့ ပစ်ခံရတဲ့ လူနာ ၃ ဦးက အခြေအနေ တည်ငြိမ်နေပြီလို့လည်း ပြောပါတယ်။
သေနတ်သမားကို အခင်းဖြစ်နေရာမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ စပုတ်ကိန်းကောင်တီ အာဏာပိုင် အော့ဇီက သတင်းထောက်တွေကို ပြောပါတယ်။
နာရီအနည်းငယ်ကြာပြီးနောက် မိဘတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံနိုင်ပြီး အနီးအနားက ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။