Home
ဆောင်းပါး
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (ပထမပိုင်း)
DVB
·
September 14, 2017
20170912 MinnKaungChit myanmar politic
အခန်းဆက်(ပထမပိုင်း) (၁) ရှေးခေတ် ဗမာနိုင်ငံတော် ဗမာနိုင်ငံဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ အနောက်ဘက်အစွန်းမှာ တည်ရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ အရှေ့ဘက်ကမ်းရိုးတလျှောက် သုံးဖက်သုံးတန်မှာ တောင်တွေ ဝိုင်းရံထားပြီး ပင်လယ်မျက်နှာစာအဖွင့်ရှိတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၂၆၁,၉၆၉ ရှိတာမို့ ပြင်သစ်နိုင်ငံနဲ့ အရွယ်ပမာဏတူပြီး ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ထက် နှစ်ဆလောက် ကျယ်ဝန်းပြီး လူမျိုးစုပေါင်း ၆၀ ရဲ့ လူဦးရေ ၅၂ သန်း မှီတင်းနေထိုင်ရာ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ တက္ကဆပ်ပြည်နယ်ထက် သေးငယ်ပါတယ်။ အကျယ်အားဖြင့် အရှေ့နဲ့ အနောက်မှာ မိုင် ၆၀၀ ကျော်ရှိပြီး အရှည်အားဖြင့် တောင်နဲ့ မြောက်မှာ မိုင် ၁၄၀၀ ကျော်နဲ့ ပင်လယ်ကမ်းရိုးတန်းအရှည် မိုင် ၁၁၀၀ နီးပါး ရှိပါတယ်။ တောင်တန်းကြီးတွေနဲ့ မြစ်များဟာ နိုင်ငံရဲ့ မြောက်ဘက်မှာ မြစ်ဖျားခံလာပြီး တောင်ဘက်ကို သွယ်တန်းစီးဆင်းနေကြပါတယ်။ အကြီးဆုံးမြစ်ကြီး ဖြစ်တဲ့ မြစ်မင်း ဧရာဝတီကတော့ နိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်လောက်မှာ ဖြတ်သန်း စီးဆင်းနေပါတယ်။ ချင်းတွင်းမြစ်ဟာ အနောက်ဘက်ကနေ စီးဆင်းလာပြီး ပုဂံမြို့ အထက်နားမှာ ဧရာဝတီမြစ်နဲ့ ပေါင်းဆုံသွားပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာတော့ သံလွင်မြစ်ဟာ ယူနန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို ဖြတ်သန်းစီးဆင်းလာပြီး မော်လမြိုင်မြို့နားမှာ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်အဆုံးသတ်သွားပါတယ်။ မြစ်တိုလေးတွေအဖြစ် ဗမာပြည်အထက်ပိုင်းမှာ မူးမြစ်၊ ပဲခူးဒေသမှာ စစ်တောင်းမြစ်နဲ့ ရခိုင်ပြည်နယ်မှာ လေးမြို့မြစ်၊ ကုလားတန်မြစ်တို့ ထင်ရှားကြပါတယ်။ နိုင်ငံရဲ့ အရှေ့စွန်းအကျဆုံး နယ်စပ်မှာတော့ မဲခေါင်မြစ်ဟာ လာအိုနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်မြေအတွင်း မိုင် ၁၅၀ ခန့် ဖြတ်စီးသွားပါတယ်။ ဗမာနိုင်ငံဟာ အပူပိုင်းမုတ်သုံရပ်ဝန်းမှာ တည်ရှိနေပြီး မတ်လကနေ မေလထိ နွေဥတု၊ မေလကနေ အောက်တိုဘာလထိ မိုးဥတု၊ အောက်တိုဘာကနေ မတ်လအထိ ဆောင်းဥတုတို့ အလှည့်ကျ လည်ပတ်နေတဲ့ သုံးရာသီစက်ဝန်း ရှိပါတယ်။ ကုန်းမြေကနေ ပင်လယ်ဘက်ဆီ တိုက်ခတ်တဲ့ မြောက်ပြန်လေနဲ့ ပင်လယ်သမုဒ္ဒရာဘက်နေ ကုန်းတွင်းပိုင်းဆီ တိုက်ခတ်လာတဲ့ တောင်ပြန်မုတ်သုံလေတို့ အလှည့်ကျ တိုက်ခတ်ပါတယ်။ ဗမာပြည်အလယ်ပိုင်းကလွဲလို့ တနိုင်ငံလုံးမှာ နှစ်စဉ် မိုးရေချိန် လက်မ ၈၀ ကနေ ၂၀၀ လက်မထိ မိုးရွာတတ်တာမို့ သိပ်သည်းထူထပ်တဲ့ သစ်တောကြီးတွေ ၅၆ ရာခိုင်နှုန်း ဖုံးလွှမ်းခဲ့ဖူးပေမယ့် အခုတော့ အဲသလောက် မကျန်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်က ဧရာဝတီမြစ်ဝှမ်းလွင်ပြင်မှာ ရှေးဦးလူသားတွေ ကျောက်ခေတ်ယဉ်ကျေးမှုနဲ့ နေထိုင်ခဲ့ကြတဲ့ သမိုင်းအထောက်အထားတွေ ပြောထားပါတယ်။ ဒါကြောင့် ဗမာနိုင်ငံဟာ ပထဝီဝင် နိုင်ငံရေးအရ အင်ဒိုချိုင်းနားနဲ့ တရုတ်နိုင်ငံတွေဆီ ဂိတ်တံခါးလို့ ပြောရပါလိမ့်မယ်။ ရှေးဟောင်းသုတေသန သမိုင်းမှတ်တမ်းတွေအရ တိဗက်မြန်မာ၊ မွန်ခမာ၊ ထိုင်းရှမ်း စတဲ့ လူမျိုးနွယ်အုပ်စုကြီး သုံးစုဟာ ဗုဒ္ဓဘုရားရှင် ပေါ်ထွန်းတော်မူရာခေတ် ဘီစီ ၆၂၅ အစောပိုင်းကာလတွေကတည်းက မြန်မာနိုင်ငံထဲ ဝင်ရောက်နေထိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။ အဲဒီနောက် တိဗက်မြန်မာအုပ်စုကို ပျူလူမျိုး (ကနဦး မြန်မာ)၊ မွန်ခမာအုပ်စုကို မွန်လူမျိုးတွေအဖြစ် ထိုင်းရှမ်းအုပ်စုကို ရှမ်းလူမျိုးတွေအဖြစ်နဲ့ မြန်မာနိုင်ငံမှာ ထင်ရှားကျန်ရစ်ခဲ့ပါတယ်။ တကယ်တော့ အဆိုပါမျိုးနွယ်စုကြီး သုံးစုစလုံးဟာ ဟန်တရုတ်လူမျိုးတွေရဲ့ ဖိအားကြောင့် မြန်မာနိုင်ငံဘက် ဖြာဆင်းရောက်ရှိလာကြတာပါ။ တိဗက်မြန်မာနွယ် ပျူလူမျိုးတွေရဲ့ မူရင်းအရပ်ဒေသဟာ  တိဗက်အထက်နားက ကန်စုနယ် ဖြစ်ပြီး၊ မွန်နဲ့ ရှမ်းတွေကတော့ ယူနန်နယ်ဘက်က ဖြစ်ကြပါတယ်။ အဲဒီအချိန်တုန်းက ဝင်လာခါစ အစောပိုင်းမှာတော့  သူတို့ဟာ ကိုယ်ပိုင်မြို့ပြနိုင်ငံငယ်လေးများ တည်ပြီး နေခဲ့ကြပါတယ်။ တကောင်းပြည်ကြီး ဘီစီ ၁၂၈ ခုနှစ်လောက်မှာ ဧရာဝတီမြစ်အထက်ပိုင်း အိန္ဒိယ-တရုပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ပေါ်ထွန်းပါတယ်။ ပျူလူမျိုးတွေ တည်ထောင်ခဲ့တဲ့ ဟန်လင်းကြီးမြို့၊ ဗိဿနိုးမြို့၊ သရေခတ္တရာမြို့(ပြည်) စတဲ့ မြို့ပြနိုင်ငံတွေဟာ စပါးရေစာ ကြွယ်ဝရာမြေလို့ ပြောစမှတ်ပြုခဲ့တဲ့ ပျူယဉ်ကျေးမှု ထွန်းကားရာဗဟိုချက်တွေ ဖြစ်ခဲ့ပါတယ်။ မွန်လူမျိုးတွေကလည်း အောက်ဗမာနိုင်ငံနဲ့ မဲနန်မြစ်ဝှမ်းလွင်ပြင်မှာ သုဝဏ္ဏဘုမ္မိ ဘုရင်နိုင်ငံတော်ကို တည်ထောင်ခဲ့သလို ထိုင်းရှမ်းလူမျိုးတွေကလည်း ရှမ်းနိုင်ငံတော်ဖြစ်တဲ့ နန်ချောင်ကို ယူနန်နယ်မှာ တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ တခြား လူမျိုးနွယ်အုပ်စုတွေ ဖြစ်တဲ့ ကမ်းယံ၊ သက်၊ ရခိုင်(အာရကန်) လူမျိုးတွေဟာ ဗမာနိုင်ငံ အနောက်ခြမ်းမှာ အခြေချ နေထိုင်နေကြပါပြီ။ ပျူလူမျိုးတွေဟာ စိုက်ပျိုးရေးကို အဓိကလုက်ကိုင်ပေမယ့် ကုန်သွယ်လမ်းကြောင်းပေါ်မှာ တည်ရှိတာမို့ ရွှေကို ငွေကြးအသပြာအဖြစ် သုံးစွဲနေခဲ့ကြပါပြီ။ ပျူတွေဟာ ဂီတအနုပညာနဲ့ ကခုန်ခြင်းကို နှစ်သက်ကြပြီး စကားတည်သူများ ဖြစ်ကြပါတယ်။  ပျူလူမျိုးတွေဟာ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူတွေ ဖြစ်ခဲ့ကြပြီး သရေခေတ္တရာ(ပြည်)မြို့မှာ ဘောဘောကြီး ဘုရားပုထိုးတော်ကိုလည်း တည်ခဲ့ကြပါတယ်။ ပျူလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ အတော်ကြာမြင့်စွာ ထွန်းကားပြီးတဲ့နောက် အေဒီ ၆၅၆ မှာ ပျက်သုဉ်းခဲ့ပါတယ်။ အဲဒီနောက်တော့ ပျူတွေဟာ အောက်မြန်မာပြည်ကို စွန့်ခွာလို့ အထက်ပိုင်းကို ရွှေ့ပြောင်းသွားကြပါတယ်။ ခမာလူမျိုးတွေကလည်း တခြားမျိုးနွယ်စုတွေနဲ့ တ်ေပြိုင် မြို့ပြနိုင်ငံတွေ မဲနန်မြစ်ဝှမ်းလွင်ပြင်မှာ တည်ထောင်ခဲ့ကြပါတယ်။ မွန်လူမျိုးတွေဟာ တောင်ပိုင်းအိန္ဒိယနယ် တလင်ဂန (Talangana) တွေနဲ့ ထိတွေ့ခဲ့ကြရပြီး သွေးနှောရာက ဆင်းသက်လာသူတွေကို တလိုင်း (Talaings) လို့ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အဲဒီနာမည်ကို မကြိုက်နှစ်သက်ကြပါဘူး။ အဲဒီအချိန်တုန်း မွန်လူမျိုးတွေဟာ အရှေ့တောင်အာရှမှာ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ရာမှာ မြဲမြံခိုင်မာမှုအရှိဆုံးနဲ့ ယဉ်ကျေးမှု အထွန်းကားဆုံး လူမျိုးစု ဖြစ်ခဲ့ပါတယ်။ အေဒီ ၁၀၁၁ ခုနှစ်ဝန်းကျင် အရှေ့ဖျားမှာ ပေါ်ပေါက်ခဲ့တဲ့ ခမာလူမျိုးတွေရဲ့ မြို့ပြနိုင်ငံတော်တွေမှာလည်း ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားခဲ့ပါတယ်။ အဲဒီလိုနဲ့ နေထိုင်လာကြရင်း ကနဦး မြန်မာတွေလို့ ပြောကြရတဲ့ ပျူလူမျိုးတွေဟာ နောက်ပိုင်းမှာ ပိုးလမ်းမကြီးရဲ့ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဗဟိုအချက်အချာ ဒေသတခုအဖြစ် သတ်မှတ်လာရတဲ့ ပုဂံမြို့တော်သစ်ကို ပျူရွာကြီး ၁၉ ရွာနဲ့ စတင်ထူထောင်ခဲ့ကြပါတယ်။ ပျုလူမျိုးတွေရဲ့ ပုဂံဟာ နှစ်ပေါင်း ၂၀၀ ကျော် သာယာဝပြော ကျောစောထွန်းတောက်ခဲ့ပါတယ်။ (၂) ခေတ်သစ်မြန်မာနိုင်ငံတော် သရေခေတ္တရာကို စွန့်ခွာခဲ့ကြတဲ့ ပျုလူမျိုးတွေနဲ့ တခြားလူမျိုးငယ်စုတွေ တဖြည်းဖြည်းချင်း စုစည်းပါဝင်တဲ့ လူမျိုးနွယ်အုပ်စုသစ်ကြီးကို မြန်မာလူမျိုးများလို့ အေဒီ ၇ ရာစုနောက်ပိုင်းမှာ ခေါ်ဆိုလာကြဟန် ရှိပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ အရပ်နားက မြေပြန့်လွင်ပြင်မှာ  မြေမြို့ရိုးကြီးတွေနဲ့ အခိုင်အမာကာရံပြီး ပုဂံမြို့တော်ကြီးကို ခမ်းနားကြီးကျယ်စွာ တည်ဆောက်ခဲ့ကြတယ်။ မင်းဆက်ပေါင်း ၅၅ ဆက် အုပ်စိုးခဲ့တဲ့ ပုဂံမင်းဆက်ဟာ နှစ်ပေါင်း ၂၀၀ ကျော် တည်တံ့ခဲ့တယ်။ အေဒီ ၁၀၄၄ ခုနှစ်မှာ ဘုရင်အနော်ရထာ ထီးနန်းဆက်ခံခဲ့တယ်။ မွန်လူမျိုးတို့ရဲ့ မြို့တော် သုဝဏ္ဏဘုမ္မိလို့လည်း ခေါ်တွင်ကြတဲ့ သထုံမြို့က ပင့်ဆောင်လာတဲ့ အရှင်မြတ် ရှင်အရဟံရဲ့ အကူအညီ လမ်းညွှန်မှုနဲ့ အနော်ရထာဘုရင်မင်းမြတ်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာကို  ပုဂံပြည်ကြီးမှာ ပြန့်ပွားစေခဲ့တယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့ အနော်ရထာဘုရင်ဟာ ပုဂံပြည်သူတွေကို အဲဒီခေတ်ရဲ့ အဓိကလူတန်းစား ၄ မျိုးကို အခြေပြုပြီးပြီး စုစည်းခဲ့ဟန်တူတယ်။ ထန်းတက်သမားမျိုး လယ်သမားမျိုး တံငါသည်မျိုး စစ်သည်တော်မျို; အဲဒီအခြေခံလူတန်းစားတွေတွေထဲပဲ အောက်ပါသူရဲကောင်း တပ်မှူးကြီး ၄ ဦးကို နိုင်ငံထူထောင်ရေးနဲ့ တိုင်းပြည်ကို အုပ်ချုပ်စီမံဖို့အတွက် ရွေးချယ်တာဝန်ပေးခဲ့ပါတယ်။ ငထွေရူး ငလုံးလဖယ် ညောင်ဦးဖီး ကျန်စစ်သား (စစ်သေနာပတိ၊ နောင်သော် ကျန်စစ်သားမင်းလို့ ပုဂံရာဇဝင်မှာ ထင်ရှားတယ်)။ (၃) ပထမမြန်မာနိုင်ငံတော် ဘုရင်အနော်ရထာဟာ နိုင်ငံထူထောင်စကတည်းက အရှေ့ဘက်ခြမ်းက တရုတ်လူမျိုးတွေရဲ့ ရန်ကို ကြိုတင်တွက်ဆမိဟန်တူပါတယ်။ ဒါကြောင့်မို့ ကသာ၊ မိုးတား၊ ဗန်းမော်၊ နမ့်ခမ်း စတဲ့ နယ်ခြားစောင့်မြို့ပေါင်း ၄၃ မြို့ကို တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တည်စေခဲ့တယ်။ နန်းတော်တွင်းမှာလည်း ဘာသာရေးကိစ္စတွေကို အသေးအဖွဲကအစ ဂရုတစိုက် ကိုင်တွယ်ခဲ့တယ်။ မဟာယာန ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ်မှုကို အကြောင်းပြုပြီး စွပ်စွဲခံရတဲ့ မိဖုရားတပါးဖြစ်သူ ရှမ်းမင်းသမီး စောမွန်လှကို နေရပ် နမ့်ခမ်းဆီကို ပြန်ပို့စေခဲ့တယ်။ မိဖုရားကြီးစောမွန်လှဟာ  နေရပ်အပြန် ခရီးလမ်းခုလတ်မှာ နာမည်ကျော် ရွှေစာရံဘုရားကို မန္တလေးမြို့အထွက်နားက မေမြို့သွားတဲ့ လမ်းနံဘေးမှာ တည်ထားရစ်ခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အနော်ရထာဘုရင်မင်းမြတ်ဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကျောက်ဆည်မြို့အထက်မှာရှိတဲ့ မြစ်ငယ်မြစ်နားမှာ ပုဂံပြည်က မောင်းထုတ်ခံခဲ့ရတဲ့ အရည်းကြီးတွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရပြီး နတ်ရွာစံ ကံတော်ကုန်ခဲ့ရတယ်။ ဘုရင်အနော်ရထာဟာ ပဒေသရာဇ်မြို့ပြနိုင်ငံငယ်များစွာကို သိမ်းပိုက်စုရုံးနိုင်ခဲ့ပြီး သူ့နောက်မှာ ဆက်ခံခဲ့တဲ့ ကျန်စစ်သားမင်းလက်ထက်မှာ ပထမဗမာနိုင်ငံလို့ သမိုင်းမှာ ကမ္ပည်းထိုးခဲ့ရလောက်အောင် ကြီးကျယ်ခမ်းနားတဲ့ ဧကရာဇ်နိုင်ငံတော် ပုဂံအင်ပါယာကြီးကို ထူထောင်နိုင်ခဲ့တယ်။ ရှေးခေတ်ကုန်သွယ်ရေး ပိုးလမ်းမကြီးပေါ်မှာ တည်ရှိခဲ့တဲ့ ပုဂံအင်ပါယာဟာ အရှေ့တောင်အာရှမှာ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားခဲ့ပြီး ပထမဆုံး မြန်မာအက္ခရာကို တီထွင်သုံးစွဲခဲ့ကြတယ်လို့ အဲဒီခေတ်မှာ ရေးထိုးခဲ့တဲ့ မြစေတီ ကျောက်စာမှာ ရေးထိုးထားတာကို တွေ့ရတယ်။ ပုဂံခေတ်မှာ ပါဠိ၊ မွန်၊ ပျူ၊ မြန်မာ လေးဘာသာစလုံးကို ပြောဆို၊ ရေးသားသုံးနှုန်းနေခဲ့ကြပါတယ်။  ကြွယ်ဝချမ်းသာမှုနဲ့ ယဉ်ကျေးမှု ထွန်းကားခြင်း သင်္ကေတတရပ်ဖြစ်တဲ့ ပုဂံခေတ်ရဲ့ အမျိုးသမီးများ အသုံးပြုတဲ့ ဆံပင်ဆင်ယင်ထုံးဖွဲ့မှုပုံစံ ၅၅ မျိုးဟာ ဗမာ့သမိုင်းမှာ အမြင့်မားဆုံးအရေအတွက် ဖြစ်ပါတယ်။ ပုဂံပြည်သူတွေဟာ အခုချိန်မှာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဂူဘုရားပုထိုးပေါင်း သန်းချီအောင် တည်ဆောက်ခဲ့ကြတယ်။ ပုဂံရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေပါပဲ။ ရွှေနဲ့ ငွေကို အသပြာအဖြစ် သုံးစွဲခဲ့ကြပါတယ်။ နှစ်ပေါင်း ၂၀၀ ကျော် စည်ပင်ဝပြောခဲ့တဲ့ ပုဂံအင်ပါယာကြီးဟာ တရုတ်ပြည်က ကုဗလိုင်ခန် တပ်တွေရဲ့ အကြိမ်ကြိမ် ကျူးကျော်မှုအောက် အေဒီ ၁၂၈၇ ခုနှစ်မှာ ပျက်သုဉ်းခဲ့ရတယ်။ ဒီနေရာမှာ ဒဏ္ဍာရီသမိုင်းတရပ်အနေနဲ့ ပြောခဲ့ကြတာက တရုတ်ဧကရာဇ်ထံမှာ ခစားနေတဲ့ နာမည်ကျော် အီတလီလူမျိုး ခရီးသည်ကြီး မာကိုပိုလိုဟာလည်း ကျူးကျော်လာတဲ့ တရုတ်တပ်ကြီးနဲ့အတူ ပုဂံပြည်ကို ရောက်ခဲ့တယ်ဆိုတာပါပဲ။ ခရီးသည်ကြီးဟာ ဂျုံမှုန့်၊ ဆန်မှုန့်ကနေ မုန့်ဖတ်(ခေါက်ဆွဲမျှင်)တွေ ဖြစ်အောင် လုပ်တဲ့အတတ်ကို ပုဂံပြည်မှာ မြင်တွေ့မှတ်သားခဲ့ပြီး အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ပြန်လည်ဖြန့်ဖြူုးခဲ့ရာက ဒီနေ့ခေတ်မှာ လူသိများတဲ့ အီတလီခေါက်ဆွဲ (စပက်ဂဒီးစ်) ဆိုတဲ့ အစားအစာသစ်ကို ထပ်ဆင့်ထုတ်လုပ်ခဲ့ကြတာလို့ ယူဆကြတယ်။ တရုတ်ကျူးကျော်စစ်ပွဲတွေအောက်မှာ ပုဂံပြည်သူတွေဟာ ဆင်းရဲဒုက္ခ အလွန်ရောက်ခဲ့ရပြီး သမိုင်းမတင်ခဲ့နိုင်တဲ့ ဖြစ်ရပ်များစွာနဲ့ လွတ်လပ်ငြိမ်းချမ်းသာယာတဲ့ ဘဝတွေကနေ လူမျိုးခြားရဲ့ ကျွန်ဘဝကို ဆွဲချခြင်းကို ခံခဲ့ရတယ်။ အဲဒါကြောင့် ပုဂံမင်းဆက်က မိဖုရားဖွားစောဟာ စစ်ပြေငြိမ်းဖို့ တရုတ်ပြည်ကို ငြိမ်းချမ်းရေး သံတမန်အဖွဲ့  စေလွှတ်ခဲ့တယ်။ ဆရာတော်သကြိုအရှင်သူမြတ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးသံတမန်အဖွဲ့ဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကြမ်းရှည်ကြီးကို ၂ နှစ်နီးပါးကြာအောင် ခရီးနှင်ပြီးမှ တရုတ်ဧကရာဇ်ဘုရင်ရေ့မှောက် ရောက်ရှိခဲ့ပြီး အရှင်မြတ်က အောက်ပါအတိုင်း လျှောက်တင်တော်မူခဲ့တယ်။ “သကြိုအရှင်မြတ် ရှင်ဒိသာပါမောက္ခက မြတ်သောမင်းကြီး ပြည်သူပြည်သားတို့မှာ စစ်ဘေးဒဏ်ကြောင့် အနာရောဂါထူပြောလျက် ကြီးစွာဆင်းရဲဒုက္ခ ရောက်နေကြရပါသည်။ ဆန်စပါးသည် တိုင်းပြည်၏ အခြေအမြစ် ဖြစ်ပါသည်၊ စပါးမရှိက သူရဲသူခက်များ သံဃာတော်များသည် တည်တံ့စွာ နေနိုင်မည် မဟုတ်ပါ၊ ဥယျာဉ်စိုက်သော ယောက်ျားတို့သည် ရေသွန်းလောင်း၍ အပင်ကို ကြီးထွားစေသည်။ အညွန့်ကို မဆိတ်ကြပါ။ ယခုလည်း ပုဂံပြည်၌ ကောက်ပဲသီးနှံ စိုက်ပျိုးပါစေဦး။ ပြီးမှ သာသနာပြုစေလိုသည်၊ စစ်ဘေးကြောင့် ခံစားနေရသည့် ပြည်သူတိုအား ညှာတာစေလိုပါသည်။ ယခုတော့ ပျုကချေသည်တို့ရဲ့ ဖျော်ဖြေမှုတွေကို ခံစားကြည့်ပါဦး” ဟု အဓိပ္ပာယ်ရသည့် ငြိမ်းချမ်းရေးစကားကို ဆိုခဲ့ပါတယ်။ အနုပညာအားထက်သန်စွာ ကခုန်ကြတဲ့ ပျူကချေသည်တို့ရဲ့ ဖျော်ဖြေမှုကို ရှုစားရပြီးတဲ့နောက် ကျေနပ်အားရလှတဲ့ တရုပ်ဧကရာဇ်မင်းဟာ သူ့ရဲ့ မှူးကြီးမတ်ရာတွေကို စစ်ကို ချက်ချင်းရပ်စဲပြီး တပ်တွေကို ပြန်ရုပ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါဟာ တမ္မဒီပ (ခေါ်) ပုဂံခေတ်မှာ အမြာ်အမြင်ရှိတဲ့ မိဖုရားဖွားစောရဲ့ အစီအမံနဲ့ သံခင်းတမန်ခင်း ကျင်လည်တော်မူတဲ့ ငြိမ်းချမ်းရေး ရဟန်းသံတမန် သျှင်ဒိပါပြာမိုက် ဆရာတော်အရှင် သကြိုသူမြတ်တို့ရဲ့ သမိုင်းတင်ခဲ့တဲ့ ကြိုးပမ်းမှုရလဒ်တွေ ဖြစ်တယ်။ ပုဂံအင်ပါယာကြီး ပြိုကွဲသွားခဲ့ရတဲ့နောက် အရှေ့တောင်အာရှနယ်မြေတခုလုံးဟာ ပိုမိုသေးငယ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေအဖြစ် သီးခြားပေါ်ထွန်းလာပြီး ဗမာ၊ မွန်၊ ရှမ်း၊ ခမာလူမျိုးတွေကြား နှစ်ကာလကြာညောင်းစွာ စစ်မက်တွေ ဖြစ်ပွားလို့ ကသောင်းကနင်း ဖြစ်ခဲ့ရတယ်။ ခမာလူမျိုးတွေက အရှေ့ဖျားမှာတည်၊ မွန်လူမျိုးတွေက ပဲခူးမှာ အခြေပြုပြီး လူသူစုရုံးလို့ ဗမာတွေက အင်းဝကို ဗဟိုထားအင်အားစုနေချိန်မှာ ရှမ်းလူမျိုးတွေက တရုတ်နယ်စပ် မျဉ်းတလျှောက် အခြေချ နေထိုင်ရပ်တည်ခဲ့ကြပါတယ်။ ဒုတိယပိုင်း ဆက်ရန် ...... မင်းကောင်းချစ် (The Political Turmoil In Burma ဟူသော အမည်ဖြင့် ဆရာဦးဟန်ထွန်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး မင်းကောင်းချစ်မှ မြန်မာဘာသာပြန်ဆို ရေးသားပါတယ်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024