ခွေးကို အိမ်ထဲခေါ်ရန် ငြင်းဆန်ခဲ့သည့် မိခင်ဖြစ်သူကို ဆယ်ကျော်သက်သားက ပစ်သတ်

ဓာတ်ပုံ - မေရာ
3K
ခွေးကို အိမ်ထဲခေါ်သွင်းဖို့ ငြင်းဆန်ခဲ့တဲ့ မိခင်ဖြစ်သူ အိမ်ပျော်နေတုန်း ဆယ်ကျော်သက် သားဖြစ်သူက သေနတ်နဲ့ပစ်သတ်မှုဖြစ်ခဲ့ပြီး ဒီအမှုကို ကြားနာနေတယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ် ဝီလျံစတန်မြို့မှာ စက်တင်ဘာ ၇ ရက်နေ့က ဖြစ်ခဲ့တာပါ။
မိခင်ဖြစ်သူ လီဆာရဲ့ ဦးခေါင်းအနောက်ဘက်ကို သေနတ်နဲ့ပစ်မသတ်ခင် အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ အင်ဒရူးဝီလ်ဆင်က သော့ခတ်ထားတဲ့ အံဆွဲထဲကနေ သေနတ်ကို ထုတ်ယူခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်လို့ နာရီပိုင်းလောက် ကြာပြီးနောက်မှာ ဝီလ်ဆင်က မိခင်ဖြစ်သူ အသတ်ခံရကြောင်း ရဲတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေရောက်လာချိန်မှာ မစ္စစ်ဝီလ်ဆင်ကို ဦးခေါင်းအနောက်ဘက်မှာ သေနတ်ဒဏ်ရာတချက်နဲ့ အိပ်ယာထဲ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အိမ်ထဲမှာ မိခင်နဲ့ သားဖြစ်သူ ဝီလ်ဆင်ကလွဲရင် ဘယ်သူမှရှိမနေဘူးလို့ စုံစမ်းရေးအရာရှိတွေက ကောက်ချက်ချခဲ့ကြတာပါ။
ဝီလ်ဆင်က ပြီးခဲ့တဲ့အပတ်တုန်းက သူ ခွေးလေးတကောင် တွေ့ခဲ့ကြောင်း၊ အဲဒီမတိုင်ခင် ခွေးကို အိမ်ထဲခေါ်သွင်းဖို့ ပြောရင်း မိခင်ဖြစ်သူနဲ့ စကားများခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
မစ္စစ်ဝီလ်ဆင်က ခွေးကို သူတို့နဲ့အတူထားဖို့ မဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ ခွေးကို ဖခင်ရဲ့အိမ်ဆီ ခေါ်သွားနိုင်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူကို ရိုင်ဖယ်သေနတ်နဲ့ ပစ်သတ်ပြီးနောက် ဝီလ်ဆင်ဟာ အိမ်နားက အနောက်ဘက်လမ်းတွေမှာ ကားမောင်းခဲ့ပြီး သေနတ်ကို စွန့်ပစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ စွန့်ပစ်ထားတဲ့သေနတ်ကို ရဲတွေက ရှာတွေ့ခဲ့တယ်လို့ လန်ဆင်းစတိတ်ဂျာနယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဝီလ်ဆင်ကို သေနတ်ပိုင်ဆိုင်မှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။