ချန်ပီယံလိဂ်ပွဲစဉ်တွင် လီဗာပူးနှင့် ဆီဗီလာ နှစ်ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အီး အဖွင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ စပိန် လာလီဂါကလပ် ဆီဗီလာတို့ မနေ့ညကယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ လီဗာပူး ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို ပွဲထွက် မပါဝင်ပေမယ့် ပွဲချိန် ၇၆ မိနစ်မှာတော့ လူစားဝင် ကစားခဲ့ပါတယ်။ လီဗာပူးဟာ ကျန် အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အသာစီးရယူနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ဆီဗီလာက ရယူနိုင်ခဲ့ပြီး ပွဲအစ ၅ မိနစ်မှာပဲ ဘန်ယက်ဒါက အနီးကပ် ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးကို ပွဲချိန် ၂၁ မှာ တိုက်စစ်မှူး ဖာမီနိုက သွင်းယူပေးခဲ့ပြီး ဦးဆောင်ဂိုးကိုတော့ ၃၇ မိနစ်မှာ ဆာလာက သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ လီဗာပူး ပယ်နယ်တီကန်ခွင့်ရခဲ့ပေမယ့် တိုက်စစ်မှူး ဖာမီနို ကန်သွင်းချက် ဂိုးတိုင်ထိထွက်ခဲ့လို့ လီဗာပူး နစ်နာခဲ့ရပါတယ်။ ဆီဗာလာအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ ကော်ရီယာက သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ အုပ်စု အီး နောက်ပွဲစဉ်တခုဖြစ်တဲ့ ဆလိုဗေးနီးယားကလပ် မာရီဘောနဲ့ ရုရှားကလပ် စပါးတပ်မော်စကိုတို့ ပွဲစဉ်မှာလည်း တဘက် တဂိုးစီ သရေကျခဲ့ပါတယ်။

More News
Up