DVB Logo
Home
မြန်မာသတင်း
ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာအမှု တရားရုံး ပယ်ချ
DVB
·
March 20, 2012
Donate to DVB

မြန်မာစစ်တပ်က ကချင်အမျိုးသမီး တဦးကို ဖမ်းခေါ်သွားပြီး ပျောက်ဆုံးနေတယ် ဆိုတဲ့ အမှုကို ခင်ပွန်းဖြစ်သူက တရားရုံးကို တိုင်ကြားခဲ့ရာမှာ နေပြည်တော် တရားလွှတ်တော်ချုပ် ရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ် ခိုင်ဗန်ရွာသူ မဆွမ်လွတ်ရွယ်ဂျာကို ခမရ ၃၂၁ က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် က ပြောင်းဖူးခင်းကနေ ဖမ်းခေါ်သွားခဲ့တဲ့အတွက် အဲဒီကိစ္စကို ခင်ပွန်းဖြစ်သူ ဦးမရူလွန်းဒေါင်က ဇန်န၀ါရီ ၂၇ ရက် နေ့မှာ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ် ရုံးကို တိုင်ကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်တရားလွှတ်တော်ချုပ်ရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့က မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး ကြားနာ စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရားရုံးကို ဆက်သွယ် မေးမြန်းရာမှာ အမှုကို ပယ်ချလိုက်တယ်လို့ တရားရုံးက ပြောတဲ့အကြောင်း  ကချင် မိသားစုရဲ့  ရှေ့နေဖြစ်သူ ဦးမာခါးက ဒီဗွီဘီကို ပြောပါတယ်။

“ရုံးကို မေးလိုက်တော့ ပယ်တယ် ဆိုတာ လောက်ပဲ ကျနော်တို့ သိရတယ်။ ပယ်ရတဲ့ အကြောင်းကတော့ လျှောက်လဲချက်ပေးတဲ့အခါ တဘက်က ဗိုလ်ကြီးကျော်ကျော်ဌေးဆိုတဲ့ သူက ကိုယ်စားလာတယ်။ ကျနော်တို့ နိုင်ငံတော်အတွက် ဥပဒေ ရှေ့နေနဲ့ လျှောက်လဲတာ ကျတော့ သူတို့ တပ်အနေနဲ့ ဖမ်းဆီးထားခြင်း မရှိဖူး။ ဖမ်းဆီးခြင်းလည်း မရှိခဲ့ဘူး။ ဒါကြောင့် ထုတ်ပြန်စရာ မလိုဘူး ဆိုပြီး သူတို့က လျှောက်တဲ့ အပေါ်မှာ အမိန့်ချမှတ် တာပေါ့။”

မဆွမ်လွတ်ရွယ်ဂျာဘက်ကနေ သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ခင်ပွန်းဖြစ်သူနဲ့ ယောက္ခထီးတို့ က သက်သေ ထွက်ဆိုပေမယ့် ဒါဟာ မခိုင်လုံဘူးလို့ တရားရုံးက ပြောခဲ့တယ်။

ဖြစ်စဉ်က တောထဲ တောင်ထဲမှာဖြစ်လို့ တိကျတဲ့ ဓာတ်ပုံ၊ အထောက်အထားတွေ ရဖို့ ခက်ခဲတယ်။ လျှောက်ထားသူဘက်က တကယ် နစ်နာပေမယ့် အမှန်တရား ဖြစ်မလာတဲ့ အတွက် ကျန်တဲ့ ဖြစ်စဉ်တွေ အပေါ်မှာလည်း စိတ်ပူမိတယ်လို့ သူက ဆက်ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ရှေ့နေက  မိသားစုနဲ့ တိုင်ပင်ကာ ပြည်ထောင်စု လွှတ်တော်ကို တင်ဖို့ နည်းလမ်းရှာသွားမယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်  မဆွမ်လွတ်ရွယ်ဂျာဟာ အခါလယ်ရွယ် သမီးတယောက်ရဲ့ မိခင်ဖြစ်ပြီး  ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက ယာခင်းထဲမှာ ပြောင်းဖူး ချိုးနေစဉ်  ခင်ပွန်း၊ ယောက္ခထီးဖြစ်သူ တို့နဲ့ အတူ ခမရ  ၃၂၁ က စစ်သား ၅ ဦး ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

လမ်းတ၀က်မှာ ခင်ပွန်းနဲ့ ယောက္ခထီးတို့က ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သူကတော့ စစ်သားတွေ နောက် ပါသွားခဲ့တယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ ဆွေမျိုးတွေ က တပ်ရင်းမှူးဆီ သွားတိုင်တဲ့အခါမှာ   နိုဝင်ဘာလ ၂ ရက် နေ့မှာ လွှတ်ပေးမယ်လို့ ပြောပေ မယ့် ပြန်မလွှတ်ပေး လို့ တရားရုံးထိ တိုင်ရတာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013