Home
မြန်မာသတင်း
လေ့ကျင့်ရင်းပျောက်ဆုံးသွားသည့် တပ်မတော် G - 4 ဂျက်လေယာဉ်ကိုရှာမတွေ့သေး
DVB
·
September 12, 2017
21752338_149737508955520_6971861842533070183_n
21751298_149737655622172_6548666908086213691_n
21743222_149737598955511_4995892432566658697_n
21740618_149737538955517_862832017741239269_n
21740011_149737615622176_1616412698737702972_n
ဧရာဝတီတိုင်းထဲမှာ လေ့ကျင့်ပျံသန်းရင်း ပျောက်ဆုံးနေတဲ့ တပ်မတော်(လေ)မှ   G - 4 ဂျက်လေယာဉ်ကို သီတင်းတပတ်ကျော်လာတဲ့အထိ ရှာမတွေ့သေးလို့ တိုက်လေယာဉ် ၄ စီး၊ ခြေလျင်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဒေသခံပြည်သူတွေ  ပူးပေါင်းကာ ဆက်လက်ရှာဖွေနေရပါတယ်။ ပျောက်ဆုံးနေတဲ့ G - 4 ဂျက်လေယာဉ်ကို ပုသိမ်လေတပ်စခန်းဌာနချုပ်က တိုက်လေယာဉ် ၄ စီးနဲ့အတူ အမှတ် ၃၈ ခြေလျင်တပ်ရင်း၊ အမှတ် ၆၃ ခြေလျှင်တပ်ရင်း၊အမှတ် ၉၈ ခြေလျင်တပ်ရင်းတို့ ပူးပေါင်းရှာဖွေနေပေမယ့် စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းအထိ ရှာဖွေမတွေ့သေးဘူးလို့ ပုသိမ်လေဆိပ် လေကြောင်းရန်ကာကွယ်ရေးဌာနက အမည်မဖော်လိုတဲ့  အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။ ဗိုလ်မှူးကောင်းထိုက်နဲ့ ဗိုလ်ကြီးသော်ဇင်စိုးတို့စီးနင်းလိုက်ပါခဲ့ပြီး ပျောက်ဆုံးနေတဲ့ G - 4 ဂျက်လေယာဉ်ဟာ စက်တင်ဘာ ၅ ရက် မနက်ကတည်းက လေတပ်စခန်းဌာနချုပ်နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပြီး နေ့စဉ်ရှာဖွေနေပေမယ့်လည်း လေယာဉ်နဲ့ ပတ်သက်တဲ့ အပိုင်းအစ တစုံတရာ မတွေ့ရသေးဘူးလို့လည်းပြောပါတယ်။ ပျောက်ဆုံးနေတဲ့လေယာဉ်ကို ဒီရက်ပိုင်းအတွင်းမှာ သာပေါင်း-ဂွလမ်းဘက်က ဒေသအခေါ် ငါးခူမဲနဲ့ ယင်းတိုက်ကြော နားကကျေးရွာတွေအနီးက တောအုပ်တွေမှာ ရှာဖွေနေတာဖြစ်ပြီး သတင်းရတဲ့နေရာကို မြေပြင်မှတောတိုးရှာဖွေနေသလို လေကြောင်းကနေ ရဟတ်ယာဉ်တွေပျံဝဲပြီး ရှာဖွေနေတယ်လို့ လေယာဉ်ရှာဖွေရာမှာ လိုက်ပါကူညီပေးနေတဲ့ သာပေါင်းမြို့နယ်၊ မကျီးစင်ကျေးရွာသားတွေကဆိုပါတယ်။ တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် ၃ စီးဟာ ပုသိမ်လေဆိပ်မှ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ စတင်ပျံသန်းလေ့ကျင့်ခဲ့ကြရာမှာ တစီးက ပုသိမ်-ဟင်္သာတ- ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် မနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ ၃၆ မိုင်ခန့်အကွာမှာ ပုသိမ်လေဆိပ်နဲ့ နောက်ဆုံး အဆက်အသွယ် ရရှိပြီးနောက် ပျောက်ဆုံးနေတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားပါတယ်။ လေယာဉ်နဲ့အတူပျောက်ဆုံးနေတဲ့ လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်ဟာ နမ့်စန်လေယာဉ်မောင်း သင်တန်းကျောင်း အမှတ်စဉ်(၆၄) ကိုတက်ရောက်အောင်မြင်ခဲ့သူ ဖြစ်ပြီး ဇနီးဖြစ်သူနဲ့ သမီးငယ်တဦးတို့ကျန်ရစ်ခဲ့တယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းကနေ သိရပါတယ်။ သတင်း-ဓာတ်ပုံ မြမင်းဦး(ပုသိမ်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024