အာဆီယံယူ-၁၈ ပြိုင်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ဓာတ်ပုံ)

အာဆီယံယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ တတိယမြောက်ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာနဲ့ ဖိလစ်ပိုင်တို့ မနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ ပွဲစကတည်းက ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်ဆင်ရာမှာ အမှားများပြီး လွဲချော်နေခဲ့လို့ ပထမပိုင်းအပြီး ဂိုးမရှိသရေရလဒ်ပဲ ရခဲ့တာပါ။ ဒုတိယပိုင်းမှာ မြန်မာအသင်းက တိုက်စစ်မှူး လဲလှယ်ပြီး ပြည့်စုံနိုင်၊ ဆက်ဖြိုးဝေနဲ့ လွင်မိုးအောင်တို့ ဝင်ကစားပြီးနောက် တိုက်စစ်ကစားပုံ ပိုကောင်းလာပြီး ဂိုးတွေ ဆက်တိုက်ရခဲ့တာပါ။ မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် မိနစ် ၅၀ နဲ့ ၇၃ မိနစ်မှာ ပြည့်စုံနိုင်၊ ၅၅ မိနစ်၊ ၆၂ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ ဝင်းနိုင်ထွန်း၊ ၇၆ မိနစ်နဲ့ ၈၆ မိနစ်တို့မှာ မြတ်ကောင်းခန့်က သွင်းယူပေးခဲ့ပါတယ်။ အုပ်စု ခ မှာ သုံးပွဲစီ ကစားအပြီးမှာတော့ ဗီယက်နမ်က သုံးပွဲစလုံး အနိုင်ရပြီး ၉ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပြီး မြန်မာအသင်းနဲ့ အင်ဒိုနီးရှားတို့က နှစ်ပွဲနိုင်၊ တပွဲရှုံး ရမှတ် ၆ မှတ်စီ တူညီနေပေမယ့် ဂိုးကွာခြားချက်အရ မြန်မာက အုပ်စု ဒုတိယ၊ အင်ဒိုက တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဘရူနိုင်းကတော့ တပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေသလို ဖိလစ်ပိုင်အသင်းကတော့ ပွဲကုန်ကစားထားပြီး နိုင်ပွဲမရ၊ ရမှတ်မရဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာနဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့ လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  

More News
Up