DVB Logo
Home
မြန်မာသတင်း
မန္တလေး နန်းတွင်းမှာ ဗိုလ်ချုပ်ပုံ ခွာခိုင်း
DVB
·
March 20, 2012
မန္တလေး နန်းတွင်းမှာ ဗိုလ်ချုပ်ပုံ ခွာခိုင်း
Donate to DVB

ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်ထားတဲ့ ကား ၁ စီး ဟာ မန္တလေး နန်းတွင်းကို ၀င်ရောက်ရာမှာ ကားမှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို  တပ်လုံခြုံရေးက  ခွာခိုင်းလို့ ခွာပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ရက် ညနေက  မန္တလေး နန်းတွင်းက မြနန်း စံကျော် ရွှေနန်းတော် ကို သွားရောက် လည်ပတ်ကြတဲ့ အမေရိကန် လူမျိုး ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်ထား တဲ့ ကား ၁ စီးဟာ  ၁၉လမ်း အရှေ့ဘက်ပေါက် က အ၀င်မှာ အခုလို ဖြစ်ခဲ့တာပါ။

ခရီးသည်တွေ တင်ဆောင်လာတဲ့ ဒရိုင်ဘာ က သူကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

“မီးစိမ်းပြလို့ မုခ်ဦးကနေ ၀င်ပါတယ်။ ကားကို တားပါတယ်။ လူကြီး တားခိုင်းလို့ တားတယ် ဆိုတော့ ရပ်ပေးလိုက်ပါတယ်။ မှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ခွာပေးပါလို့ ကျနော့်ကို ခိုင်းပါတယ်။ ကျနော်က ဗိုလ်ချုပ်ကို ရိုသေ လေးစားလို့ ကပ်ထားတာ။ ဘာဖြစ်လို့ ခွာပေးရမှာလဲလို့ မေးတော့ အရာရှိက ခွာခိုင်းလို့ပါတဲ့။ အဲဒီအရာရှိကို လွှတ်လိုက်လို့ ကျနော်ခိုင်းပါတယ်။ အဲဒီအချိန်မှာ အရာရှိ ရောက်မလာပဲ တပ်သားတယောက် ရောက်လာပါတယ်။ မခွာရင် ၀င်မရဘူးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ချုပ်က ကျနော်တို့ ဖခင်ပဲ။ ဘာဖြစ်လို့ သူ့ကို ခွာခိုင်းရတာလဲ ဆိုတော့ အထက်က ညွှန်ကြားထားလို့ပါတဲ့။ အထက်ကညွှန်ကြားတာ ဗိုလ်ချုပ်ပုံကို ညွှန်ကြားတာလား။ တခြား စတစ်ကာတွေကို ညွှန်ကြားတာလား ဆိုတာ မေးပါတယ်။ မည်သည့် စတစ်ကာကို မဆို ကပ်ထားတဲ့ ကားတွေကို ခွာကို ခွာရမယ်လို့ ကျနော့်ကို အမိန့်ပေးထားလို့ ပါတဲ့။”

ဗိုလ်ချုပ်ပုံလာခွာတဲ့ ရဲဘော်ကို သူ့ကားရှေ့က ကမ္ဘာလှည့်ခရီးသည်တွေ တင်ထားတဲ့ ကား ၁ စီးမှာ ကပ်ထားတဲ့ ကုမ္ပဏီ ကြော်ငြာ စတစ်ကာတွေ ကျတော့  ဘာလို့ မခွာလဲ မေးခွန်း ထုတ်ရာမှာ  ပြန်မဖြေနိုင်ဘဲ၊ သူ့ကို နားလည်ဖို့ အကြိမ်ကြိမ် တောင်းပန်သွားတယ် လို့ ပြောပါတယ်။

သူ့ကားနောက်ဘက်မှာ ကပ်ထားတဲ့ အန်အယ်လ်ဒီပါတီ တံဆိပ် အမှတ်အသား စတစ်ကာကို ခွာပြီး နောက် ကျန်တဲ့ ဗိုလ်ချုပ်ပုံကို မခွာဖို့ ပြောတာလဲ မရဘူးလို့ သူက ဆက်ပြောပြပါတယ်။

“ကျနော့် ကားရဲ့ နောက်မှာ အန်အယ်ဒီကို မဲပေးပါဆိုတဲ့ မိန်းကလေးတဦး လက်ထောင်နေ တဲ့ ပုံလေး ပါတယ်။ ခွာချင်ရင် နိုင်ငံခြားသားတွေ ရှေ့မှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံတော့ မခွာနဲ့၊ နောက်မှာ အန်အယ်လ်ဒီ ဆိုတဲ့ တံဆိပ်ပါတယ်။ အဲဒီ တံဆိပ်ကို သွားခွာပါ ဆိုတော့ မဟုတ်ဘူး။ ဒီပုံကိုမှ ခွာချင်တာ။ ရှေ့တည့်တည့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကို ခွာခိုင်းတယ် ဆိုတော့ ကမ္ဘာလှည့်ခရီးသည်တွေက သိသွားပြီလေ။”

အရင်က အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ် စတစ်ကာတွေ ကပ်ထားတဲ့ ကား ၁ စီးလဲ  ဒီနေရာမှာ အလားတူ ခွာခိုင်းလို့ ခွာပေးခဲ့ရတယ် လို့ သိရပါတယ်။ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မန္တလေးမြို့ စည်းရုံးရေး ခရီးစဉ်အပြီး နောက်နေ့မှာ အဲ့ဒီလို ခွာခိုင်းခဲ့တာပါ။

အခုတခါတော့  အန်အယ်လ်ဒီ တံဆိပ်အပြင် ကားရှေ့ လေကာမှန်မှာ ကပ်ထားတဲ့ ၃ လက်မ ပတ်လည် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုပါ ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013