ခေတ်က ပြောင်းသွားပါပြီ

4.3K
နှစ်ပေါင်းများစွာ မြေအောက် အဖွဲ့အစည်း အဖြစ်နဲ့ ရပ်တည်ခဲ့ရတဲ့ သမိုင်းဝင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)ကို ပြန်လည် ပေါ်ပေါက်လာဖို့ အတွက် မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေက စည်းရုံး ကြိုးပမ်းနေကြပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုအတွင်းမှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗကသ ဥက္ကဌ အဖြစ်နဲ့ အဖမ်းခံခဲ့ရပြီး၊ မကြာခင်က ပြန်လည် လွတ်မြောက်လာတဲ့ ကိုကျော်ကိုကိုက အခုအချိန် မှာတော့ ပြည်နယ်နဲ့ တိုင်းတချို့မှာ ဗကသ အဖွဲ့တွေ ပြန်လည် ပေါ်ပေါက် လာနေပြီ လို့ ပြောပါတယ်။
သမိုင်းဝင်ဗကသကို ဒီဘက်ခေတ် လူငယ်တွေက ဘယ်လိုပုံဖော်ဖို့ စိတ်ကူးထားကြသလဲဆို တာ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဌ ကိုကျော်ကိုကိုနဲ့မေးမြန်း ထားပါတယ်။
လက်ရှိအခြေအနေမှာ ဗကသ အဖွဲ့ချုပ်ကို ဗဟိုအပါအ၀င် ပြည်နယ်နဲ့ တိုင်းတွေမှာ ဘယ်လောက်များများ ဖွဲ့ထားပြီးပြီလို့ ပြောနိုင်မလား။
“အခုလက်ရှိ ဗကသများ အဖွဲ့ချုပ်အနေနဲ့ ဗဟိုစည်းရုံးရေး ကော်မတီ အပါအ၀င် ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ဖွဲ့စည်း ထားပြီးသားက ၉ ခု ရှိပါတယ်။ အစဉ်လိုက် ရွတ်ပြရမယ် ဆိုရင် ရန်ကုန်မှာတော့ ဗဟိုစည်းရုံးရေး ကော်မတီမှာ ကျနော်တို့ ရှိတယ်။ ရန်ကုန်(တောင်ပိုင်းခရိုင်) ကျောင်းသားသမဂ္ဂ ရှိတယ်။ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ပြန်လည် ဖြစ်ထွန်းရေး ကော်မတီ ဆိုတာရယ် ရှိတယ်။ အဲဒီ အထက် ဗမာပြည်က တဆင့် ဖွဲ့စည်းထားတဲ့ မြင်းခြံ ကျောင်းသားများသမဂ္ဂ ရယ်။ မုံရွာ ကျောင်းသားများ သမဂ္ဂ။ နေပြည်တော်ခရိုင် ကျောင်းသားများသမဂ္ဂ။ မအူပင် ကျောင်းသားသမဂ္ဂ။ ပဲခူး(အနောက်ခြမ်း) ကျောင်းသားသမဂ္ဂနဲ့ ရှမ်းပြည်(တောင်ပိုင်း) ကျောင်းသားသမဂ္ဂ ရှိပါတယ်။ စုစုပေါင်း ကျောင်းသားသမဂ္ဂ ၉ ခု တိတိ ရှိနေပြီလို့ ကျနော်တို့ ပြောလို့ ရပါတယ်။”
ကျောင်းသားသမဂ္ဂတွေက တချို့ နေရာတွေမှာတော့ ကျန်သေးတာပေါ့။ ဘာကြောင့် တချို့ နေရာတွေမှာ မဖွဲ့နိုင် သေးတာလဲ။
“အဓိက က သွားရေးလာရေး ခက်ခဲမှုတွေ ရှိတဲ့ နေရာတွေ အပါအ၀င် ကျနော်တို့နဲ့ ကျောင်းသားထု အချိတ်အဆက် မရသေးတဲ့ နေရာတွေမှာ ထပ်ဖွဲ့ဖို့အတွက် အခက်အခဲ ရှိနေတယ်။ ဒါပေမယ့် အခုလက်ရှိ ၉ ခု သော ကျောင်းသားသမဂ္ဂ အပြင်မှာ ကျနော်တို့နဲ့ ဆက်လက် ဆွေးနွေးနေဆဲ ကျောင်းသားသမဂ္ဂ ဖွဲ့ဖို့ အစီအစဉ် ရှိတဲ့ ကျောင်းသားထုတွေလည်း ရှိနေ ပါတယ်။”
ဗကသ ကို ပြန်ပြီး ကျစ်ကျစ်လစ်လစ် ပြန်ဖွဲ့ဖို့ ကိစ္စတွေအတွက် ဘယ်လိုမျိုး စဉ်းစားထား တာ ရှိသလဲ။ ဥပမာ ပြောရရင်တော့ ကျောင်းတက်နေတဲ့ လူတွေနဲ့ ဖွဲ့မှာလား။ တ၀က်တပျက် ကျောင်းသားတွေနဲ့ ဖွဲ့မှာလား။ ဒီလို ကိစ္စမျိုးတွေကို ဘယ်လို စဉ်းစားထားကြလဲ။
“ကျနော်ပြောချင်တာကတော့ ကျောင်းတက်ရင်း တန်းလန်း၊ တ၀က်တပျက်နဲ့ အဖမ်းခံရတဲ့ ကျောင်းသားတွေ ဖြစ်တယ်။ ပြန်လွတ်လာတဲ့ အခါမှာလည်း သူတို့က ကျောင်းဆက်တက်ဖို့ မရတဲ့ အနေအထား ရှိနေတယ်။ တချို့ကတော့ ဆက်တက်ဖို့ ကြိုးစားနေတဲ့ အနေအထားရှိတယ်။ ကျနော်တို့က ကျောင်းသား သမဂ္ဂရဲ့ ရှေ့ကရှိပြီးသား နောင်တော်တွေ ဆက်ကိုင်ခဲ့တဲ့ သမဂ္ဂ ခွပ်ဒေါင်းအလံကို မလဲကျအောင် ထိန်းသိမ်း ရပ်တည်ရင်းနဲ့ ကြိုးစားပေးနေတဲ့ လက်ရှိ အဖွဲ့အစည်း ဖြစ်ပါတယ်။
တကယ်တမ်း လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ လက်ထဲကို ကျောင်းသားထု ညီလာခံ ခေါ်ပြီးတဲ့အခါမှာ ဒီအလံကို လွှဲအပ်မှာ ဖြစ်ပါတယ်။ အခု အခြေအနေမှာ ကျနော်တို့က ကျောင်းသားထုရဲ့ တာဝန်တွေကို လက်ရှိ သမိုင်းခေတ်က ပစ်တင်ပေးလိုက် လို့ ပုခုံးပေါ် ကျရောက်လာတဲ့ တာဝန်လို့ ခံယူပြီး ဆက်လက် လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။ ၂၁ ရာစု ကျောင်းသားသမဂ္ဂ တခု ဖြစ်တဲ့အတွက် ကျနော်တို့က အစဉ်အလာကို ထိန်းသိမ်းရမှာဖြစ်သလို ဆန်းသစ်တဲ့ နည်းနာတွေကို အသုံးပြုပြီး ရလဒ် အသစ် တခု ထွက်ပေါ်လာအောင် လုပ်ရမှာပါ။ ဒီအတွက် ရလဒ်အသစ် တခုဖြစ် တဲ့ ကျောင်းသားထု ညီလာခံနဲ့ ကျောင်းသားသမဂ္ဂ အသစ် ထွက်ပေါ်လာဖို့အတွက် ဗကသများ အဖွဲ့ချုပ် အသစ် ထွက်ပေါ်လာဖို့အတွက် ကျနော်တို့ ဆက်လက် ကြိုးစားနေပါတယ်။”
အခု လက်ရှိ ဖွဲ့ထားပြီးသလောက် အနေအထားနဲ့ ခုနပြောတဲ့ ကျောင်းသားထု ညီလာခံဆိုတာ ဘယ်လောက်နီးပြီ ဒါမှမဟုတ် ဘယ်လောက် ဝေးနေသေးသလဲ လို့ ပြောလို့ရမလား။
“ကျောင်းသားထု ညီလာခံအနေနဲ့ ဝေးပြီလို့လည်း ပြောလို့ မရသလို နီးပြီလို့ လည်း ပြောလို့ မရသေးပါဘူး။ ကြိုးစားဆဲပါပဲ။ ဆန်းသစ် တီထွင်နိုင်ဖို့ အတွက်က ပြောရမယ် ဆိုရင် လုပ်ရင်းနဲ့ တီထွင်၊ တီထွင်ရင်းနဲ့ လုပ်သွားရတဲ့ သဘောမျိုး ပါ။ ဒီသဘောမျိုး။ မဟာဗျူဟာအရ ဆိုရင် ကျနော်တို့ ကြိုးစားရင်းနဲ့ ဆက်လက် စည်းရုံး ရမှာပါ။ ဆက်လက် စည်းရုံးရင်းနဲ့ ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ ဖြစ်အောင် ဖွဲ့စည်း ရမယ်။ ဒါကြောင့် အခု အချိန်မှာ တထစ်ချ ပြောလို့ မရသေးဘူး။ ခရီးဆုံးကို မရောက်သေးပေမယ့် လည်း ကျနော်တို့အနေနဲ့ လမ်းဆုံးကို မြင်နေရပြီ ဆိုတဲ့ သဘောမျိုးတော့ ပြောလို့ ရပါတယ်။”
ကိုကျော်ကိုကို တို့ ထောင်မကျခင် စပ်ကြား ၂၀၀၇ အရေးအခင်း ကာလမှာ ကျောင်းသား သမဂ္ဂ လှုပ်ရှားမှု တစုံတရာ ရှိခဲ့တာ ကျနော်တို့ တွေ့ရတယ် ။ နောက် ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲ ၀င်သွားကြတယ်။ အခုပြန်ထွက် လာတယ်။ မြန်မာပြည် နိုင်ငံရေး အနေအထားနဲ့ အခု ကျောင်းသားထုတွေ ကြားထဲက ဗကသလို အဖွဲ့အစည်းမျိုးကို စိတ်ဝင်စားမှုက ဘယ်လို ကွာခြားမှုတွေ တွေ့ရလဲ။ ပြီးခဲ့တဲ့ နှစ်တွေက စလို့ပေါ့။
“ကျနော်တို့ ကျောင်းသားသမဂ္ဂ စဖွဲ့ခဲ့တဲ့ ၂၀၀၇ ခုနှစ် အနေအထားနဲ့ စာလို့ရှိရင် ဒီ အနေအထားက ပိုပြီး အားရဖို့ ကောင်းတယ် ။ ကျောင်းသားထုရဲ့ ကြားထဲမှာ ကျောင်းသားသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာမှုတွေ ပိုတိုးပွားလာတယ်လို့ ပြောလို့ ရတယ်။ ၂၀၀၇ အချိန် ကာလတုန်းကတော့ သံဃာ့လှုပ်ရှားမှု အားကောင်းခဲ့တယ်။ လောင်စာဆီ အခက်အခဲတွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့် ကျောင်းသားထုက ကျနော်တို့ ခွပ်ဒေါင်းအလံ လွှင့်လိုက်တဲ့ အခါမှာ ကျနော်တို့နဲ့အတူ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ ဒီသဘောမျိုးရှိတယ်။ ဒါကလည်း အရေးပေါ် အခြေအနေ အရေးအခင်း ကာလ၊ ကျနော်တို့ လှုပ်ရှား တက်ကြွမှု အားကောင်းနေတဲ့ အချိန်မို့လို့သာ ဒီလောက် ပါလာတယ်လို့ ပြောလို့ရပါတယ်။
အခုလို အခြေအနေမျိုးမှာ ဂျာနယ်တွေရယ် သတင်းမီဒီယာတွေက သော်လည်းကောင်း၊ နားထောင်ရတဲ့ ကျောင်းသားတွေက ကျနော်တို့ ကျောင်းသားသမဂ္ဂ အပေါ်မှာ စိတ်ဝင်စားမှုက အရင် နှစ်တွေကထက် ပိုပြီးတော့ တိုးပွားလာတယ် လို့ ပြောလို့ရတယ်။
သူတို့မှာ အခက်အခဲရှိနေတာက သမိုင်းကို ပယ်ဖျက်ခြင်း ခံထားရ တယ်၊ မေ့လျော့အောင် ဆောင်ရွက်ခြင်း ခံထားရတဲ့ ပြဿနာတော့ ရှိတယ်။ ဒီအခက်အခဲတွေကို ထိုးဖောက်ပြီးတော့ သူတို့ စိတ်ဝင်စား လာတာ အားရစရာ ကောင်းသလို အထူးသဖြင့် ကျောင်းဆရာတွေ၊ ကျောင်း အာဏာပိုင်တွေကနေ အခုထိ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပါ။ ဘယ်လို ခြိမ်းခြောက်တာလည်း ဆိုတော့ ကျောင်းသား သမဂ္ဂလို နိုင်ငံရေး အဖွဲ့အစည်းတခုကို ၀င်ရောက် ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ကျောင်းက ထုတ်ပစ်ခံရ နိုင်တယ် ဆိုတဲ့ အနေအထားထိ အချို့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကြားထဲကပဲ ကျနော်တို့နဲ့ ပူးပေါင်းလာတာ ကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေရဲ့ နိုးကြားမှုက၊ အမျိုးသား နိုင်ငံရေး အသိအမြင် နိုးကြားမှုက အားရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။”
ခုနက ကိုကျော်ကိုကို ပြောသွားတဲ့အထဲမှာ ကျောင်းသားသမဂ္ဂလို နိုင်ငံရေးအဖွဲ့အစည်း ဆိုတဲ့အမြင်တခုပေါ့လေ။ ကိုကျော်ကိုတို့ ကိုယ်တိုင်က ဗကသ ခေါင်းဆောင်တွေ အနေနဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကို ဘယ်လို ပုံစံမျိုး ဖြစ်စေချင်သလဲ။ အခုလက်ရှိ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကကော ကျောင်းသားသမဂ္ဂကို ဘယ်လိုပုံစံမျိုးနဲ့ ပုံဖော်ချင်တယ်လို့ ပြောဆို ဆွေးနွေးကြတာ ရှိပါသလား။
“ကျနော်တို့ အကြမ်းဖျဉ်း ပြောလို့ရတာက ကျောင်းသားသမဂ္ဂက နိုင်ငံရေး အဖွဲ့အစည်းလို့ မြင်တဲ့ အမြင်က တကယ်တန်းကျတော့ တဖက်စောင်းနင်း ပြောတဲ့ အမြင်မျိုးလို့ မြင်ပါတယ်။ ဒါက အာဏာပိုင် အဖွဲ့အစည်းတွေကနေ တဖက်သတ် ခေတ် အဆက်ဆက် ပုတ်ခတ် ရှုတ်ချခဲ့တဲ့ စကားပါ။ ကျောင်းသားသမဂ္ဂ ဆိုတာ နိုင်ငံရေး အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အန်ဂျီအိုလည်း မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂဆိုတာ သမဂ္ဂဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သဘောမပေါက်လို့ ပြောကြတာပါ။
သမဂ္ဂဆိုတဲ့ သဘောက နီးစပ်ရာ တူရာ တူရာ လူတွေ စုပြီးတော့ ကျောင်းသား ဆို ကျောင်းသား၊ ရှေ့နေဆို ရှေ့နေ၊ ကျောင်းဆရာဆို ကျောင်းဆရာ စတဲ့ အသီးသီးရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ဖို့၊ အသီးသီးရဲ့ အခွင့်အရေးကို ထိပါး နှောင့်ယှက်မှုက ကာကွယ်ဖို့၊ ဟန့်တားဖို့အတွက် ကြိုးစား တည်ဆောက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို မိမိတို့ အကျိုး စီးပွားကို ထိခိုက်လာရင်လည်း အများပြည်သူကို ထုတ်ဖော် ပြောကြားပြီးတော့ ဘယ်လိုမျိုး ဒီအကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ရယူရမလဲ ဆိုတာကို လှုပ်ရှားနေကြတယ်။ ပြီးတော့ လူ့ဘောင်အဖွဲ့အစည်းရဲ့ အကျိုး စီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ပေးမယ့် လူ့ဘောင်အဖွဲ့အစည်း။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် အဖွဲ့အစည်း တခုလို့ မြင်ပါတယ်။
အဲဒီသဘောမျိုးကို ဆောင်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီသဘောနဲ့ ကျော်လွန်တဲ့ လုပ်ရပ်သော်လည်းကောင်း၊ အဲဒီသဘောကို ပြောင်းပြန် ဆန့်ကျင်ဘက် အကျိုးရလဒ် ထွက်ပေါ်စေတဲ့ လုပ်ရပ်မျိုးကို သော်လည်းကောင်း ကျနော်တို့ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ခေတ်ကပြောင်းသွားပြီဆိုတာ သူတို့က ကိုလိုနီခေတ်က ကျောင်းသားသမဂ္ဂ ပုံစံမျိုး၊ လွတ်လပ်ရေး ရပြီးခါစ ကျောင်းသားသမဂ္ဂ ပုံစံမျိုးတော့ သူတို့ မဖြစ်စေချင်ဘူး။ ဒါပေမယ့် ကျောင်းသားသမဂ္ဂဆိုတာ ကိုလိုနီခေတ် ထဲက ကျောင်းသားထု လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က စတင် ထူထောင် ခဲ့တဲ့ သမိုင်း အစဉ်အလာကိုတော့ ဆက်လက် ထိန်းသိမ်းမှာ ဖြစ်တယ်။ ဒါကတော့ ဖွဲ့စည်းပုံရယ်၊ နာမည်ရယ်၊ ကျနော်တို့ သက်ဆိုင်ရာ အထိမ်းအမှတ် အမှတ်အသား အားလုံးကိုတော့ ထိန်းသိမ်း ကာကွယ်မှာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဆောင်ရွက်တဲ့ အခါမှာ ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ ရလဒ်အသစ်တွေ ထွက်ပေါ်လာအောင် လုပ်မယ်လို့ ယူဆထားကြပါတယ်။
အခုခေတ် ကျောင်းသားသစ်တွေ ရင်ခုန်သံကလည်း ဘယ်လိုတွေ ဖြစ်လာလည်းဆိုတော့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ဖြစ်တယ်။ အင်တာနက်၊ အွန်လိုင်း၊ ဖေ့ဘုတ်တွေ မှာ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလို့ရတဲ့ ခေတ်ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ လူကိုယ်တိုင် နယ်စည်းရုံးရေးတွေ ဆင်းတဲ့အခါမှာ ကျောင်းသားတွေနဲ့ ပိုပြီးတော့ ထိရောက်စွာ တွေ့ဆုံဆွေးနွေးရတယ်၊ နွေးထွေးစွာ စကားပြောဆိုခွင့်ရတယ်။ ပွင့်ပွင့်လင်းလင်း သိချင်တာတွေ မေးမြန်းခွင့်ရသလို မေးတာတွေကိုလည်း ဖြေခွင့်ရခဲ့တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ခံစားချက်တွေကို သိရှိလာတယ်။ ကျောင်းသားသမဂ္ဂက ဆုံးရှုံးနစ်နာတဲ့ အခွင့်အရေးတွေကို တောင်းဆိုရုံတင်မက လူမှုကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်ချင်ကြတယ်။ ပညာရေးစနစ်သစ် ကို ပြောင်းလဲဖို့ အတွက် လေ့လာရေး လုပ်ငန်းတွေ၊ စာကြည့်တိုက်နဲ့ စာဖတ်ဝိုင်းတွေ၊ ဆွေးနွေးပွဲ စကားဝိုင်းတွေ ဒါတွေကိုလည်း ဆောင်ရွက်ချင်ကြတယ်။ အခုခေတ်မှာ အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ကျောင်းသားတွေက လှုပ်ရှားချင်ကြတယ်။ ဒါကိုကျနော်တို့ တွေ့ရှိရတယ်။ ဒါမှလည်း အခုလက်ရှိ ၂၁ ရာစု နဲ့ ဆီလျော်တဲ့ နည်းလမ်းတွေ လို့ မြင်ပါတယ်။ ဒီဟာတွေက အခုချိန်မှာ တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ လုပ်ရပ်တွေပေါ်မှာ ကျောင်းသားတွေရဲ့ စိတ်ဓာတ်က ရောင်ပြန်ဟပ်လိုက်တဲ့ သဘောလို့ ယုံကြည်တယ်။”
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို ပြန်လည် ပေါ်ပေါက်ဖို့ ကြိုပမ်းနေတဲ့ အခြေအနေကို ဗကသခေါင်းဆောင် ကိုကျော်ကိုကို နှင့် မေးမြန်း ခဲ့တာဖြစ်ပါတယ်။
