ဖလောရီဒါက လူဦးရေ ၆ သန်းကျော်ကို လုံခြုံဘေးကင်းရာ ရွှေ့ပြောင်းရန်အမိန့်ထုတ်

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အစိုးရက အာမာဟာရီကိန်းမုန်တိုင်း ၀င်ရောက်လာတော့မှာဖြစ်လို့ ဒေသခံတွေကို နေအိမ်တွေကနေ စွန့်ခွာပြီး လုံခြုံဘေးကင်းရာ အကာအကွယ်နေရာတွေဆီ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကရေဘီယမ်ကျွန်းအတော်များများကို မုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖျက်ဆီးပြီးနောက် အာမာဟာရီကိန်းမုန်တိုင်းက ပြင်းထန်တဲ့လေ၊ မိုးသည်းသည်းမည်းမည်းရွာသွန်းမှုနဲ့အတူ ကျူးဘားကို တိုက်ခတ်သွားပြီး တနင်္ဂနွေမှာ ဖလော်ရီဒါပြည်နယ်ကို မုန်တိုင်းဝင်ရောက်မယ်လို့ ဆိုပါတယ်။ လူဦးရေ ၆.၃ သန်းကို မိမိတို့ရဲ့နေအိမ်တွေကနေရွှေ့ပြောင်းပြီး လုံခြုံဘေးကင်းရာနေရာတွေဆီ သွားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းက ကျူးဘားနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းကို သောကြာနေ့က မုန်တိုင်းအဆင့် ၅ အဖြစ်တိုက်ခတ်ခဲ့ပြီး အခုအချိန်မှာတော့ အဆင့် ၃ အဖြစ် မုန်တိုင်း အားပျော့သွားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၈၀ ကျော်အတွင်းမှာ ကျူးဘားနိုင်ငံကို အဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ပထမဆုံး တိုက်ခတ်မှုဖြစ်ပါတယ်။ ကျူးဘားကနေ ရွှေ့ပြီး ပြန်လည်အားကောင်းမယ်လို့ မျှော်လင့်ရပြီး အင်အားပြင်း ဟာရီကိန်းမုန်တိုင်းအဖြစ် ဖလော်ရီဒါပြည်နယ်ကို ချဉ်းကပ်လာမယ်လို့လည်း နေရှင်နယ်ဟာရီကိန်းဌာနက သူတို့ရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းက ၁ နာရီကို မိုင် ၁၂၀ နှုန်း အမြင့်ဆုံးလေတိုက်နှုန်းနဲ့ ဆက်တိုက် တိုက်ခတ်မယ်လို့လည်း နေရှင်နယ်ဟာရီကိန်း ဌာနက ပြောထားပါတယ်။ အခုတပတ်အတွင်း ကရေဘီယမ်တဝှမ်း အာမာဟာရီကိန်း မုန်တိုင်း တိုက်ခတ်ခဲ့လို့ အခုချိန်အထိ အနည်းဆုံး လူပေါင်း ၂၄ ဦး သေဆုံးတယ်လို့လည်း သိရပါတယ်။

More News
Up