မိုးကြိုးပစ်သည့်အရှိန်ကြောင့် ပုသိမ်မြို့ရှိ မဟာဗောဓိစေတီတော်ကြီး ပျက်စီးမှုများဖြစ်
DVB
·
September 8, 2017
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက မိုးကြိုးတွေ အကြိမ်ကြိမ် ပစ်ခဲ့တဲ့ အရှိန်ကြောင့် အမှတ်(၈)ရပ်ကွက်က မဟာဗောဓိစေတီတော်မြတ်ကြီးမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးတွေ အကြိမ်များစွာပစ်ခဲ့တဲ့ တုန်ခါမှုတွေကြောင့် မဟာဗောဓိစေတီတော်မြတ်ကြီးက အင်္ဂတေတွေကွာကျခဲ့ပြီး စေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော် ငှက်မြတ်နားတော်တွေလည်း မဲသွားခဲ့တယ်လို့ စေတီတော်ဂေါပက အဖွဲ့က သိရပါတယ်။
ပျက်စီးမှုတွေကို ရရှိထားတဲ့အလှူငွေတွေနဲ့ လတ်တလော အသေးစားပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး လှူဒါန်းလိုတဲ့ အလှူရှင်တွေလည်း ဂေါပကအဖွဲ့ကို ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပုသိမ်မြို့မှာ စက်တင်ဘာလ ၇ ရက် နေ့လယ် ၂ နာရီလောက်မှာ မိုးသည်းထန်စွာရွာပြီး မိုးကြိုး ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြမင်းဦး(ပုသိမ်)