ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ့်ကိုယ်ကိုယ်သတ်သေမှု လူမှုကွန်ရက်တွင် အငြင်းအခုန်ဖြစ်နေ

တရုတ်နိုင်ငံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို မိသားစုက ခွဲစိတ်မွေးဖွားဖို့ ခွင့်မပြုပဲ ငြင်းဆန်ပြီးနောက် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူတွေက ထိတ်လန့်မှုတွေနဲ့အတူ တုံ့ပြန်ပြောဆို အငြင်းအခုန်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံ ရှန်ရှီးခရိုင်မြောက်ပိုင်းမှာ သြဂုတ် ၃၁ ရက်နေ့က “မ” လို့ မျိုးရိုးအမည်နာမည်ရှိ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသမီးက ဆေးရုံပြတင်းပေါက်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပါ။ သူမနဲ့အတူ သူမရဲ့ဝမ်းဗိုက်ထဲက သန္ဓေသားလောင်းလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မခံမရပ်နိုင်အောင် နာကျင်လို့ သူမအနေနဲ့ ခွဲစိတ်ပြီး ကလေးမွေးဖွားချင်ကြောင်း မိသားစုကို ပြောပေမယ့် မိသားစုက ခွင့်မပြုခဲ့ကြဘူးလို့ ယူလင်းနံပါတ်ဝမ်း ဆေးရုံ ဆရာဝန်တဦးက ချိုင်းနားအီကိုနော်မစ်ဒေးလီးသတင်းဌာနကို ပြောပါတယ်။ မျိုးရိုးအမည် “ရန်” လို့အမည်ရတဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူက ခွဲစိတ်မွေးဖွားဖို့ကို ငြင်းဆန်ခဲ့တယ်၊ ခွဲစိတ်မွေးဖွားဖို့ သဘောမတူဘူးလို့ ဘေဂျင်းယုသ်ဒေးလီးသတင်းဌာနကို ပြောပါတယ်။ ဆေးရုံက ထုတ်ပြန်ချက်ထဲမှာ “မ” ရဲ့ကိုယ်ဝန်က ၄၁ ပတ်ရှိနေပြီး သန္ဓေသားလောင်းရဲ့ ဦးခေါင်းကြီးနေတဲ့ အခြေအနေကြောင့် မိခင်ရဲ့အင်္ဂါကနေ မွေးဖွားဖို့ အရမ်းအန္တရာယ်များကြောင်း၊ ခွဲစိတ်မွေးဖွားဖို့ ဆေးဝန်ထမ်းတွေက မိသားစုရဲ့သဘောထားကို တောင်းခံခဲ့ပေမယ့် ခွဲစိတ်မွေးဖွားဖို့ကို သူတို့ သဘောမတူကြောင်း အခြေအနေကို စောင့်ကြည့်ပေးစေချင်ကြောင်း ပြောခဲ့တယ်လို့ ဆေးရုံရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ ဆေးရုံရဲ့ထုတ်ပြန်ချက်ထဲမှာ မိသားစုဝင် ဆက်စပ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် မဖော်ပြထားပေမယ့် ဇနီးသည်က နာကျင်လွန်းလို့ ဆေးရုံဆောင်ကနေ ၂ ကြိမ် ထွက်ခွာခဲ့တယ်လို့ အတည်ပြုပြောကြားထားပါတယ်။ ခင်ပွန်းဖြစ်သူက “ကျနော့်ဇနီးသည်ရဲ့ စိတ်ကို သိနေတော့ ဒီလိုပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး လုပ်မယ်လို့ ကျနော် မထင်ခဲ့ဘူး” လို့ ဘေဂျင်းယုသ်ဒေးလီးသတင်းဌာနကို ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေအရ ကြီးမားတဲ့ခွဲစိတ်ကုသမှု လုပ်မယ်ဆိုရင် မခွဲစိတ်ခင် ဆေးဝန်ထမ်းတွေက မိသားစုရဲ့ ခွင့်ပြုချက် တောင်းခံရကြောင်း သိရပြီး လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ဒီကိစ္စက အငြင်းအခုန်ဖြစ်နေကာ လူမှုကွန်ရက် သုံးစွဲသူတွေက သေကြောင်းကြံစည်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး မ ကို ဘာကြောင့် သူ့ဘာသူ ဆုံးဖြတ်ဖို့ ခွင့်မပြုတာလဲလို့ မေးခွန်းထုတ်နေကြတာပါ။ သုံးစွဲသူတဦးက “ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့အခြေအနေ သူသိတယ်၊ ဘာကြောင့် သူမရဲ့ကိုယ်ပိုင်လက်မှတ်နဲ့ မလုံလောက်ရတာလဲ” လို့ မှတ်ချက်ရေးထားသလို နောက်တဦးကလည်း “မိသားစုဝင်တွေက လူသတ်မှုအတွက် နောင်တရသင့်တယ်၊ သူတို့တွေကို ထောင်ချသင့်တယ်” လို့ ပြောထားကြောင်း ဘီဘီစီသတင်းမှာ စက်တင်ဘာလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up