မရမ်းကုန်းမြို့နယ်၌ ငွေလွှဲကောင်ကို လုယက်သေနတ်ပစ်ဖောက်ခဲ့သူများကို ဖမ်းမိ
DVB
·
September 6, 2017

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Farmer Money Changer ဆိုင်မှာ လုယက်ဖို့ အကြံအစည်နဲ့ သေနတ်ပစ်ဖောက် ထွက်ပြေးသူ ၂ ယောက်နဲ့ သေနတ်သယ်ယူရောင်းချသူ ၂ ယောက်အပြင် သက်သေခံပစ္စည်းတွေကိုပါ ဖမ်းဆီးရမိပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ်လ ၅ ရက်နေ့က အမျိုးသား ၂ ယောက်ဟာ မရမ်းကုန် အမှတ် ၅ ရပ်ကွက်က Farmer Money Changer မှာ အမေရိကန် ဒေါ်လာ ၃၀ လဲလှယ်နေတုန်း သေနတ်ပြကာ ငွေလွှဲ ကောင်တာတံခါး ဖွင့်ခိုင်းခဲ့ရာမှာ အမျိုးသမီးဝန်ထမ်းက ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ဖောက်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသား ၂ ယောက်ဟာ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ပြည့်ဖြိုးသူ(ခ) ပြည့်သူ(ခ) ကိုပြည့်ဟာ နယ်စပ်မှာ ဆိုင်ကယ်နဲ့ အပိုပစ္စည်း ရောင်းဝယ်ရေး အတွက် ငွေလိုအပ်နေပြီး ကျော်ကျော်ခိုင် ခေါ် ကောင်းကောင်းဟာလည်း ဖဲလောင်းကစားရာမှာ ရှုံးနိမ့်ပြီး အကြွေးတင်နေတဲ့အတွက် အခုလို Money Changer ဆိုင်တွေမှာ ငွေတွေ လုယက်ဖို့ စီစဉ်ခဲ့တာလို့ ပြောပါတယ်။
သေနတ်ဝယ်ပေးသူ စောမြတ်သူ(ခ)မြတ်သူနဲ့ မင်းမင်း ခေါ် မင်းဟန်တို့ကိုလည်း တနင်္သာရီတိုင်း ထားဝယ်မြို့ဝဲကျွန်းညောင်ရမ်းတောင် ရပ်ကွက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။