Home
မြန်မာသတင်း
မြိတ်ခရိုင်အတွင်းမှ လိုင်စင်မဲ့ဆိုင်ကယ်များကို  လိုင်စင်များ စတင်ဆောင်ရွက်ပေး
DVB
·
September 6, 2017
မြိတ်ခရိုင်အတွင်းက လိုင်စင်မဲ့ဆိုင်ကယ်တွေကို TNI နံပါတ်နဲ့ လိုင်စင်တွေကို စက်တင်ဘာ ၆ ရက်နေ့က စတင်ကာ လိုင်စင်ထုတ်ပေးတာကို စတင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ မြိတ်ခရိုင်အတွင်း စီးနင်းနေတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ခရိုင်မြို့ဖြစ်တဲ့ မြိတ်မြို့မှာ စက်တင်ဘာ ၆ ရက်နေ့ကစတင်ကာ အပတ်စဉ် လိုင်စင်စိစစ်ထုတ်ပေးတာကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြိတ်မြို့ စည်ပင်သာယာရေးရုံးဝင်းထဲမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး မြိတ်ခရိုင်ထဲက ကျွန်းစု၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေက လိုင်စင်မဲ့ဆိုင်ကယ်တွေ လာရောက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လွင်က “တိုင်းဒေသကြီး အစိုးရရဲ့ စီမံမှုနဲ့ ဆောင်ရွက်တာပါ၊ လိုင်စင်ထုတ်ပေးလိုက်တဲ့ ဆိုင်ကယ်တွေအနေနဲ့ တိုင်းဒေသကြီးထဲမှာပဲ စီးနင်းခွင့်ရှိမှာပါ။ လိုင်စင် လုပ်ပေးမယ့်ကာလကတော့ ၄ လကြာမှာ ဖြစ်တယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးမှာပါ။ ကားလမ်းပေါ်မှာ စီးနင်းနေတဲ့ ဆိုင်ကယ်တွေအားလုံးဟာ တရားဝင်လိုင်စင်ရှိမှ မောင်းနှင်ခွင့်ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဆိုင်ကယ်ထုတ်တဲ့ နိုင်ငံ၊ အင်ဂျင်ပါဝါ အမျိုးအစားလိုက် သတ်မှတ်ပြီး အခွန်ကောက်ခံတာ၊ က.ည.န က လိုင်စင်ထုတ်ပေးတာတွေကို ဆောင်ရွက်ပေးသွားမှာပါ”လို့ ပြောပါတယ်။ မြိတ်ခရိုင်ထဲက လိုင်စင်မဲ့ဆိုင်ကယ်များစွာ ရှိနေပြီး လက်ရှိ တရားဝင်စာရင်းတွေအရ လိုင်စင်ဆောင်ရွက်ပေးထားပြီးဖြစ်တဲ့ ဆိုင်ကယ်အရေအတွက်မှာ ၈ သောင်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၆ ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့တဲ့ လိုင်စင်ထုတ်ပေးရာမှာ ဆိုင်ကယ်အစီးရေ ၁၅၀ ကျော် လာရောက်ဆောင်ရွက်ခဲ့ပြီး အပတ်စဉ် ဆက်လက်ပြီး လိုင်စင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024