Home
မြန်မာသတင်း
အကြမ်းဖက်မှု​ဖြစ်ပွားရာဒေသတွင် ကျောင်းဆရာဆရာမ ၃၀၀ ကျော်ပိတ်မိနေ
DVB
·
September 5, 2017
  လတ်တလော အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့ မောင်တော- ဘူးသီးတောင်ဒေသမှာ ပိတ်မိနေတဲ့ကျောင်းဆရာ၊ ဆရာမတွေ ၃၀၀ ကျော်ရှိနေပြီး လုံခြုံရေးရရှိမယ့်နေရာကို အမြန်ခေါ်ယူဖို့  စီစဉ်နေပါတယ်။ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဒုညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက “လတ်တလောမှာ တပ်မတော် ရဟတ်ယာဉ်နဲ့ သယ်ယူဖို့ ကြိုးပမ်းနေကြတာပါ။ အခု လိုပိတ်မိနေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ကုန်းလမ်းကြောင်းနဲ့ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် အကြမ်းဖက်သမားတွေက ကားလမ်းတွေမှာ မိုင်းတွေထောင်ပြီး လှုပ်ရှားနေတာကြောင့် သွားလာလို့ မရဖြစ်နေတယ်”လို့ ပြောပါတယ်။ လတ်တလာမှာပိတ်မိနေတဲ့ ကျောင်းဆရာမတွေအပါအဝင် အရေးပေါ်အကူအညီ လိုအပ်နေတဲ့ သူတွေကို တပ်မတော်ယာဉ်လမ်းကြောင်းနဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်တွေမြို့ အနောက်တံခါးလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဋ္ဌေးက “လောလောဆယ် သူတို့ထွက်ပေါက်ကို လာဖို့လမ်းအဆင်မပြေတဲ့အတွက်ကြောင့် သူတို့အတွက် စားနပ်ရိက္ခာတွေပံ့ပိုးပေးနေပါတယ်။ သဘောက ကျနော်တို့ မောင်တော မြောက်ပိုင်းသွားမယ့်နေရာမှာဆိုရင် ကျီးကန်ပြင်ဌာနချုပ်ကို ပစ္စည်းတွေ ရောက်အောင်စုပုံထားပြီးတော့ အဲ့ဒီကနေတဆင့် တပ်မတော် လုံခြုံရေးယာဉ်တန်းတွေနဲ့ အတူတကွသွားပြီးတော့ ပံ့ပိုးပေးတာတွေ လုပ်နေကြပါတယ်။ ဒါပေမယ့် တချို့နေရာမှာ အခက်အခဲရှိတာက လုံခြုံရေးယာဉ် တွေသွားလို့မရတဲ့ အနေအထားတွေရှိပါတယ်။ သဘောက လမ်းဘေး မိုင်းထောင်တာတွေကြောင့် ပိတ်မိနေတဲ့သူတွေဆီကို ရိက္ခာတွေ မရောက်ဘဲနဲ့ စုပုံထားရတာ တွေရှိပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က ပိတ်မိနေတဲ့ကျေးရွာကို တပ်မတော်ယာဉ်တန်းနဲ့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက စားနပ်ရိက္ခာတွေ သွားရောက်ပို့ပေးဖို့ ကြိုးစားခဲ့ပေမယ့် အကြမ်းဖက် သမားတွေက လမ်းတွေမှာမြေမြှုပ်မိုင်း တွေထောင်ထားတာကြောင့် လှည့်ပြန်ခဲ့ရပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောကနေ အခုလက်ရှိ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသားဒေသခံပေါင်း ၁၁၀၀၀ကျော် ရှိတယ်လို့လဲ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။ ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024