DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာပြည်မှာ ဆေးကျောင်းဖွင့်လှစ်မည်
DVB
·
March 19, 2012
ဂျပန်က  မြန်မာပြည်မှာ ဆေးကျောင်းဖွင့်လှစ်မည်
1 / 3
Donate to DVB

ဂျပန် နိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ်တွေထဲက တခုဖြစ်တဲ့  အိုကာယာမာ တက္ကသိုလ် ဟာ မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ အကယ်ဒမီ သင်တန်းကျောင်း တခု တည်ထောင် ဖွင့်လှစ်ဖို့  စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံထုတ် Yomiuri  သတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဆရာဝန်တွေကို လေ့ကျင့် သင်ကြားပေးဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းမြှင့်တင်ပေးဖို့  ရည်ရွယ်ပြီး ခုလို ဆေးကျောင်း ဖွင့်လှစ်ဖို့ ဖြစ်လာတာပါ။  ဂျပန် တက္ကသိုလ် အနေနဲ့  မြန်မာနိုင်ငံ ဘယ်   နေရာမှာ  ကျောင်းဆောက်လုပ် ရမယ် ဆိုတာ နဲ့ ကျောင်းဝင်ကြေး ကိစ္စတွေ ကိုတော့ မြန်မာ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ဆွေးနွေး တိုင်ပင်ဖို့  ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သင်တန်းကျောင်းအမည်ကို  ရင်ရှို အကယ်ဒမီ လို့ ပေးမှာ ဖြစ်ပြီး မကြာခင် နှစ်အနည်းငယ် အတွင်း ကျောင်း စတင် တည်ဆောက်ဖို့ ရှိတယ်လို့ သိရပါတယ်။  ဒီကျောင်းဟာ မြန်မာနိုင်ငံရဲ့ ဆေးကုသမှုဆိုင်ရာ ဗဟိုဌာနချုပ် ဖြစ်ဖို့ အိုကာယာမာ တက္ကသိုလ်က မျှော်လင့်ထားပါတယ်။ ဒီ တက္ကသိုလ်ဟာ မြန်မာ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒယ နိုင်ငံအပြင် ဗီယက်နမ် နိုင်ငံမှာလည်း ဌာနခွဲ တွေ ဖွင့်လှစ် ထားတာပါ။

မြန်မာနိုင်ငံကိုတော့ ၂၀၀၂ ခုနှစ် ကစပြီး ဆေးဘက်ဆိုင်ရာ အကူအညီ အထောက်အပံ့တွေ စတင် ပေးအပ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ ပါမောက္ခဟောင်း  ရှိဂီရု အိုကာဒါဟာ မြန်မာနိုင်ငံ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ပြီး ဆရာဝန်တွေ အတွက် ဆေးဘက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနဲ့ သင်တန်းတွေ ပို့ချခဲ့ဖူးပါတယ်။

၂၀၀၅ ခုနှစ်မှာ မစ္စတာ အိုကာဒါ  အနားယူသွားပြီးနောက်  အိုကာယာမာ တက္ကသိုလ်က မြန်မာနိုင်ငံနဲ့ ဆက်လက် ဆက်သွယ် ဆောင်ရွက်ခဲ့ပြီး  ၂၀၁၀ ခုနှစ် မှ စတင်ကာ မြန်မာနိုင်ငံမှာ  ပလတ်စတစ် ဆာဂျရီ အပါအ၀င် လူနာပေါင်း ၁၆၀လောက်ရဲ့ ခွဲစိတ် ကုသမှုတွေမှာ အကူအညီ ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ အိုကာယာမာ တက္ကသိုလ် ဆေးပညာဘွဲ့လွန်ဌာန ပါမောက္ခ ယိုရှီ ဟီရို ကီမာတာ က မြန်မာနိုင်ငံက လူနာတွေ အများအပြားရဲ့ အသက်တွေကို ကယ်တင်ဖို့။ မြန်မာနိုင်ငံကို  ပုံမှန် ဆရာဝန်တွေ စေလွှတ်ဖို့   အစီအစဉ် တခု စလုပ်ချင်တဲ့ အကြောင်း နဲ့  တက္ကသိုလ်ကို နိုင်ငံတကာမှာ ပိုမိုတိုးချဲ့ဖို့  မြန်မာနိုင်ငံနဲ့ အပြန်အလှန် ဖလှယ်ဆောင်ရွက် မှုတွေ ဆောင်ရွက်ချင်တဲ့  အကြောင်း ဂျပန်သတင်းစာကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေသတွင်း နိုင်ငံတွေ ထက်စာရင်  ဆေးပညာသင် တက္ကသိုလ်တွေ အနည်းငယ်သာ ရှိပြီး ဆရာဝန် မလုံလောက်မှုနဲ့လည်း ရင်ဆိုင်နေရတာပါ။ တနိုင်ငံလုံးမှာ ရန်ကုန် ၊ မန္တလေး နဲ့ မကွေးမြို့တွေမှာ ဆရာဝန် တွေ မွေးထုတ် ပေးနေတဲ့ အဓိက ဆေးတက္ကသိုလ် ၄ ခုရှိပြီး လူ ၁ သိန်းလောက်မှာ ဆရာဝန် ၃၀နှုန်း လောက်ပဲ ရှိနေတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ စာရင်းမှာတော့  မြန်မာ အစိုးရဟာ ကျန်းမာရေး အသုံးစရိတ်ကို  တိုင်းပြည်ရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ)ရဲ့ ၂ရာခိုင်နှုန်းလောက်ပဲ အသုံးပြုနေတယ်လို့ ဖော်ပြပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံး နှုန်း လည်း ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ လက်ရှိ  နိုင်ငံမှာ ကျန်းမာရေး အသုံးစရိတ်ကို တိုင်းပြည် အသုံးစရိတ်ရဲ့ ၁၀ရာခိုင်နှုန်း အသုံးပြုနေပြီး မြန်မာ လွှတ်တော်မှာလည်း ကျန်းမာရေး အသုံးစရိတ်ကို  လာမယ့် ၂၀၁၂ -၂၀၁၃ ဘတ်ဂျတ်မှာ မြန်မာ ကျပ်ငွေ ၄၀ ဘီလျံကနေ ၃၆၇ ဘီလျံထိ တိုးပေးဖို့ အစိုးရက အဆိုပြုထားတယ် လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013