ကိုလံဘီယာအစိုးရနှင့် အီးအယ်လ်အန် သူပုန်အုပ်စု အပစ်အခတ်ရပ်စဲရေး သဘောတူ

ဓာတ်ပုံ - ရိုက်တာ
ကိုလံဘီယာအစိုးရဟာ အီးအယ်လ်အန် သူပုန်အုပ်စုနဲ့ ရက်ပေါင်း ၁၀၂ ရက်ကြာမယ့် အပြန်အလှန် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့တယ်လို့ ကိုလံဘီယာသမ္မတ ဟွမ် မန်နျူရယ် စန်းတို့စ်က စက်တင်ဘာ ၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ထိပ်တန်းဦးစားပေးက ပြည်သူတွေကို ကာကွယ်ဖို့ပဲ၊ ဒီကာလမှာ ပြန်ပေးဆွဲတာ၊ ရေနံပိုက်လိုင်းကို တိုက်ခိုက်တာနဲ့ အရပ်သားတွေကို ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်နားထားလိမ့်မယ်လို့ စန်းတို့စ်က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အလည်အပတ်ခရီးကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရနဲ့ အပြန်အလှန် အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပြီးပြီလို့ အီးအယ်လ်အန်တွေက စက်တင်ဘာ ၄ ရက်နေ့ အစောပိုင်းမှာ ပြောပါတယ်။ အီးအယ်လ်အန်အုပ်စုကို ၁၉၆၄ ခုနှစ်မှာ အစွန်းရောက် ကက်သလစ် သင်းအုပ်ဆရာတွေက တည်ထောင်ခဲ့တာပါ။ သူတို့ဟာ ရေနံပိုက်လိုင်းတွေကို ပုံမှန်ဗုံးခွဲပြီး ပြန်ရွေးငွေအတွက် ပြန်ပေးဆွဲလေ့ရှိပါတယ်။ ခုတော့ ၅၃ နှစ်ကြာ ပြည်တွင်းစစ်အဆုံးသတ်ရေး အစိုးရနဲ့ ဆွေးနွေးနေသလို ခုတကြိမ်ဟာ သူပုန်တွေဘက်က အပစ်အခတ်ရပ်စဲရေး ကြေညာတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up