လော့စ်အိန်ဂျလိစ်သမိုင်းတွင် အကြီးဆုံးလောင်ကျွမ်းသည့် တောမီးကို ငြှိမ်းသတ်နိုင်

ဓာတ်ပုံ - ရိုက်တာ
လော့စ်အိန်ဂျလိစ်ရဲ့သမိုင်းမှာ အကြီးဆုံးလောင်ကျွမ်းမှုလို့ ခေါ်ရမယ့် တောမီးကို ရာသီဥတု အကူအညီနဲ့ အပြီးတိုင် ငြှိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်ရဲ့ သမိုင်းမှာ အကြီးဆုံးတောမီးကို ငြှိမ်းသတ်နေတဲ့ ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေကို စက်တင်ဘာ ၃ ရက်နေ့မှာ မိုးအနည်းငယ်ရွာပြီး အပူချိန်လျော့ကျလာတဲ့ ရာသီဥတုက ကူညီပေးခဲ့ပါတယ်။ ဆိုးရွားတဲ့အခြေအနေကနေ လျော့ကျလာပေမယ့် အန္တရာယ်ရှိနေဆဲ ဖြစ်တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက သတိပေးထားပါတယ်။ လေတိုက်ခတ်မှုတွေကြောင့် လောင်နေတဲ့ မီးကြွင်းတွေကနေတဆင့် လော့စ်အိန်ဂျလိစ် အစပ်တွေမှာ ရှိနေတဲ့ ခြောက်သွေ့နေတဲ့ အပင်တွေကို နောက်တခါ မီးထပ်လောင်တာမျိုး ဖြစ်နိုင်တယ်လို့ မြို့နယ်အရာရှိတွေက ပြောပါတယ်။ မီးစတင်လောင်ကျွမ်းရာလျှိုကို အစွဲပြုပြီး လာတူနာမီးလို့ နာမည်ပေးထားတဲ့ အဲဒီတောမီးဟာ ဧကပေါင်း ၅၉၀၀ ကျော် လောင်ကျွမ်းပြီးဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ မရှင်းလင်းဘဲထားတာကြောင့် ခြောက်သွေ့ထူထပ်နေတဲ့ ခြုံပုတ်တွေကို မီးပြင်းပြင်းစွဲလောင်ခဲ့တာကြောင့် အနီးတဝိုက် အိမ်ခြေပေါင်း ၇၀၀ ကျော်က မိသားစုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုလောင်ကျွမ်းတဲ့ တောမီးဟာ လော့စ်အိန်ဂျလိစ်သမိုင်းမှာ ဧကအများဆုံး လောင်ကျွမ်းတဲ့မီးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ၁၀ ရာခိုင်နှုန်း ငြှိမ်းသတ်နိုင်ခဲ့ပြီး ညနေပိုင်းမှာ ၁၅ ရာခိုင်နှုန်း ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ တောတောင်တွေများတဲ့ လော့စ်အိန်ဂျလိစ် ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ တောမီးတွေ မကြာခဏ လောင်ကျွမ်းလေ့ရှိပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာပဲ နိုင်ငံအဆင့် အကူအညီတွေ တောင်းနိုင်ဖို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ အရာရှိတွေကပြောကြောင်း စီအန်အန်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up