ယင်လပ်ထွက်ပြေးမှုအပေါ် ပြည်သူများ လျစ်လျူရှုရန် ထိုင်းဒု-ဝန်ကြီးချုပ် ပြော

ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်။ (ဓာတ်ပုံ - The Nation)
1.2K
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ ထွက်ပြေးပျောက်ဆုံးသွားခဲ့တဲ့အတွက် ပြည်သူတွေရဲ့ စိတ်ခံစားမှုအပေါ် လျစ်လျူရှုလိုက်ဖို့ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်က ဒီကနေ့ ပြောလိုက်ပါတယ်။
“ပြည်သူတွေအနေနဲ့ ဒါကို ကာလရှည်ကြာ စိတ်ဝင်စားနေကြမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက ထွက်ပြေးသွားခဲ့ပြီလို့ သိနေကြလို့ပဲ။”
သူမကို စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မယ့် သြဂုတ် ၂၅ ရက်နေ့မှာ တရားရုံးကို ရောက်ရှိမလာခဲ့ဘဲ ထွက်ပြေးသွားခဲ့တဲ့ ယင်လပ်ကို သြဂုတ် ၂၃ ရက်နေ့က ဘန်ကောက်မြို့ ဘုရားကျောင်းတခုထဲ ဝတ်ပြုခဲ့တာကို နောက်ဆုံးတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထပ်လောင်းပြောပြစရာ မရှိဘူးလို့ ပရာဝစ်က ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ယင်လပ် ဘယ်မှာရှိတယ်ဆိုတာကို မသိဘဲ ပြည်သူတွေကတော့ ဒါကို အဖြေရှာချင်နေကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ တခြားနိုင်ငံတွေနဲ့ ဝန်ကြီးဌာနချင်း ဆက်သွယ် စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေတွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော် ဆန်ဝယ်ယူရေး အစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယင်လပ်ကို အာဏာအလွဲသုံးမှုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး သီတင်းတပတ်အတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ကာ လက်ကျန်အစိုးရအဖွဲ့ကိုလည်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ယင်လပ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး သူ့ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အမှုဆင်တာလို့ ချေပခဲ့သလို ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ကာလတလျှောက်မှာ တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့တာပါ။
ဝေဖန်သူတွေကတော့ စပါးဝယ်ယူရေး အစီအစဉ်ဟာ လယ်သမားတွေဆီက ထောက်ခံမှုရအောင် လူပြိန်းကြိုက်လုပ်ခဲ့တဲ့ မူဝါဒအဖြစ် ရှုမြင်ကြပြီး ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် နိုင်ငံဘဏ္ဍာငွေ ဒေါ်လာ ၁၆ ဒသမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။