Homeမြန်မာသတင်း
မဟုတ်မမှန်ဓာတ်ပုံများ တူရကီဒုဝန်ကြီးချုပ်က Twitter ပေါ်တင်ခဲ့မှု သံအမတ်ကို ခေါ်ယူပြောကြား
မဟုတ်မမှန်ဓာတ်ပုံများ တူရကီဒုဝန်ကြီးချုပ်က Twitter ပေါ်တင်ခဲ့မှု သံအမတ်ကို ခေါ်ယူပြောကြား
DVB
·
September 4, 2017
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တူရကီ ဒုတိယ၀န်ကြီးချုပ်က Twitter လူမှုကွန်ရက်မှာ ဓာတ်ပုံတွေတင်ပြီး မဟုတ်မမှန် သတင်းဖြန့်ဝေခဲ့တဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံ ဆိုင်ရာ တူရကီသံအမတ်ကြီးအား ခေါ်ယူပြောကြားခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။
တူရကီ ဒုဝန်ကြီးချုပ် Mehmet Simsek က သူ့ရဲ့ လူမှုကွန်ရက်ကနေ အခြားနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဓာတ်ပုံတွေကို တင်ကာ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီး မဟုတ်မမှန် သတင်းဖြန့်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးကို ခေါ်ယူပြောကြားခဲ့ပြီးနောက် မှားယွင်းတင်မိကြောင်း Twitterမှာ ပြန်လည်ဖော်ပြပြီး သတင်းမှားအား ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။
မှားယွင်းဖော်ပြမိကြောင်း ပြန်လည်ဖော်ပြခဲ့ပေမယ့် ဒီလို မဟုတ်မမှန် သတင်းတွေ ဓာတ်ပုံတွေ ဖြန့်ချိခဲ့တာကြောင့် မြန်မာနိုင်ငံအစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ထိခိုက်နစ်နာစေခဲ့ရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့ကြောင့် Facebook, Twitter နဲ့ You Tube စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်း အချက်အလက် မှန်၊ မမှန် စိစစ်ပြီးမှသာ မျှဝေကြဖို့နဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတွေကို အထူးသတိပြုကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။