Home
မြန်မာသတင်း
မိတ္ထီလာတွင် ရဲဒုတပ်ကြပ်ကို တိုက်ပြေးသည့်ကားအား ဖမ်းမိ
DVB
·
September 4, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊  မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁/၅ နဲ့ ၆ အကြား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို စာလာပို့ပြီးပြန်လာတဲ့ ရဲဒုတပ်ကြပ်အား တိုက်ပြီး မောင်းပြေးသွားတဲ့ကားကို စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ အလည်ရွာရဲစခန်းက ရဲဒုတပ်ကြပ်ဟိန်းမင်းဇာဟာ စက်တင်ဘာ ၂ ရက် ည ၇ နာရီခွဲက မြို့နယ်ရုံးကို စာလာပို့ပြီး အပြန်မှာ အိမ်စီးကားက ဆိုင်ကယ်ကို ကျော်တက်စဉ် တိုက်မိပြီး မောင်းပြေးသွားခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ရဲဒုတပ်ကြပ် ဟိန်းမင်းဇာ ပွန်းပဲ့ပြီး ခြေသလုံးရုံး ၂ ဖက်လုံး ကျိုးသွားတယ်၊ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ရဲခန်းတွေမှာ ကားပုံစံကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ပေပင်လေး အမြန်လမ်းရဲစခန်းက အောင်မြေသာဇံမြို့နယ် အောင်ပင်လယ်ရပ်ကွက် ထွန်တုံးရပ်မှာနေတဲ့ ယာဉ်မောင်း ကျော်သူရ ကို YGN-2J/7581 နံ ပါတ်တပ်ထားတဲ့ တိုယိုတာကိုရိုလာ အနီရောင် ကားနဲ့အတူ ဖမ်းမိတာပါ လို့ မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်အောင်သူမင်းက “ဒုတပ်ကြပ် ဟိန်းမင်းဇာကတော့ မိတ္ထီလာဆေးရုံမှာ ခြေသလုံး ၂ ဖက်လုံး ကျိုးသွားတာ ကုသနေတယ်။ တိုက်ပြေးတဲ့ကားကို ဖမ်းမိတော့ ယာဉ်လိုင်စင် စိစစ် စစ်ဆေးတယ်၊ တရားဝင် မှတ်ပုံတင်မရှိဘူး၊ လိုင်စင်မဲ့ဖြစ်နေတယ်၊ ကျော်သူရကို တိုက်ပြေးအမှုအပြင် နောက်ထပ် သွင်းထုတ်ဥပဒေနဲ့ အမှုတခု ထပ်ဖွင့်တယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက ယာဉ်မောင်း ကျော်သူရကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု/ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈/၂၀၂၊ သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး(ယာယီ)အက်ဥပဒေ ပုဒ်မ-၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024