DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူ တဦး​ စိတ်​ရောဂါကု​ဆေး​ရုံ ပို့​ခံရ
DVB
·
March 16, 2012
Donate to DVB

ရန်ကုန်မြို့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ပြန်လွှတ်​ပေး​ဖို့​နဲ့​ ပြည်တွင်း​စစ် ရပ်ဖို့​ ဆန္ဒထုတ်​ဖော်သူတဦးကို ဗဟန်း​မြို့​နယ် ပြည်သူ့​ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​စစ်​ဆေး​ပြီး​ စိတ်ကျန်း​မာ​ရေး​ ​ဆေး​ရုံကို ပို့​ဆောင်လိုက်ပါတယ်။

ဗဟန်း​မြို့​နယ်က ကား​မှတ်တိုင်တခုမှာ သား​အဖနှစ်ဦး​ကို ရဲက မ​နေ့​က ဖမ်း​ဆီး​ စစ်​ဆေး​ပြီး​ ဖခင်ကို စိတ်​ရောဂါကု​ဆေး​ရုံကို ပို့​ဆောင်ခဲ့​တာလို့​ ဒီ​နေ့​ ပြန်လွတ်လာတဲ့​ သမီး​ မထက်ထက်​အောင်က ​ပြောပါတယ်။

“ဗဟန်း​ရဲစခန်း​ကို ဖုန်း​ဆက်ပြီး​ ​မေး​ကြည့်​တော့​ ကျမ အ​ဖေ ဦး​အောင်မြင့်​က​ပေါ့​။ အဖမ်း​ခံထား​ရတာ၊​ အချုပ်ခံထား​ရတာ ၂၄ နာရီ ​ကျော်သွား​ ပါပြီ။ အဲဒီအတွက် ဘယ်​နေရာ ​ရောက်​နေတယ် ဆိုတာကို သိချင်တယ် ဆို​တော့​ စိတ်ကျန်း​မာ​ရေး​ ​ဆေး​ရုံမှာ ရှိတယ်လို့​ ​ပြောပါတယ်။ ​ပြောတာကလည်း​ ရိုင်း​ရိုင်း​စိုင်း​စိုင်း​ ပြန်​ပြောပါ တယ်။ နာမည်​မေး​တာကိုလည်း​ မ​ဖြေဘဲနဲ့​ ဖုန်း​ချသွား​ပါတယ်။”

ဧရာဝတီတိုင်း​ ဘိုက​လေး​ဇာတိ ဦး​အောင်မြင့်​ဟာ ဇန်နဝါရီ ၃ ရက်ကစလို့​ အပြာ​ရောင် ​ထောင်ဝတ်စုံကို ဝတ်ဆင် ဆန္ဒထုတ်​ဖော်​နေတာ ဖြစ်ပါတယ်။ မ​နေ့​က သမီး​နဲ့​အတူ ဗဟန်း​မြို့​နယ်မှာ ကား​စောင့်​နေတုန်း​ မြို့​နယ်ရဲစခန်း​ကို ​ခေါ်​ဆောင်ပါတယ်။ ကိုယ်​ရေး​အချက်အလက် ရယူပြီး​တဲ့​ အခါမှာ လွှတ်​တော်က စု​ပေါင်း​ရုံး​ကို ​ခေါ်​ဆောင်ပြီး​ ညလုံး​ပေါက် လူခွဲ စစ်တယ်လို့​ မထက်ထက်​အောင်က ​ပြောဆိုပါတယ်။

ဥပ​ဒေဘာသာနဲ့​ ​ကျောင်း​ပြီး​ပေမယ့်​ ဘွဲ့​လက်မှတ်ရမယ်မထင်နဲ့​ ဆိုတဲ့​ ခြိမ်း​ခြောက်မှု​တွေ၊​ ရုန့်​ရင်း​တဲ့​ စကား​လုံး​တွေနဲ့​ စစ်​ကြော​ရေး​မှာ ​ပြောဆိုခံခဲ့​ရတယ် လို့​ လည်း​ သူက ​ပြောပါတယ်။

ဗဟန်း​ရဲတပ်ဖွဲ့​က သူတို့​သား​အဖကို ဖမ်း​ဆီး​မှုဟာ ​ခြေကျင်း​နဲ့​ ​ထောင်ဝတ်စုံပြာ ဝတ်ဆင်ထား​တဲ့​ ဦး​အောင်မြင့်​ရဲ့​ ဝတ်ဆင်မှုနဲ့​ သက်ဆိုင်ဖွယ် ရှိတယ်လို့​ မထက်ထက်​အောင်က​ပြောပါတယ်။

“ညီမအ​ဖေက ​ထောင်ဝတ်စုံ အပြာဝမ်း​ဆက်ကို ဝတ်ထား​ပါတယ်။ စပို့​ရှပ် အ​ရှေ့​မှာ ကျ​တော့​ အန်အယ်လ်ဒီကို ​ထောက်ခံကြစို့​ စာတမ်း​ရယ်၊​ အန်အယ်လ်ဒီ တံဆိပ်ရယ် တပ်ထား​ပါတယ်။ အင်္ကျီအ​နောက်မှာ ကျ​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်​ရေး​နှင့်​ ပြည်တွင်း​စစ် လုံး​ဝ ရပ်စဲ​ရေး​ ဆိုပြီး​တော့​ စာတမ်း​ ၂ ခု ပါပြီး​တော့​ ​ခြေကျင်း​ကို တပ်ဆင်ထား​ပါတယ်။

သူ့​ရဲ့​ ရည်ရွယ်ချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ဘယ်လို ​နေရတယ်၊​ တ​နေရာနဲ့​ တ​နေရာ ​ပြောင်း​ရွှေ့​တဲ့​အခါမှာ ဒီလို သံ​ခြေကျင်း​တွေနဲ့​ ​နေရတယ်ဆိုတဲ့​ အဓိပ္ပာယ်ကို သူပြချင်တဲ့​အတွက် ဝတ်ဆင် ထား​တာပါ။ ဝတ်ဆင်ထား​တဲ့​ ရက်​ပေါင်း​က ၇၀ ရှိပါပြီ။ ကျမက ဝတ်ဆင်ထား​တာက ပင်နီအင်္ကျီနဲ့​ ​အောက်က ​ယောထမီ ဝတ်ဆင်ထား​ပါတယ်။”

ဒီမနက်မှာ​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ရုံး​ကို ​ခေါ်​ဆောင်ပြီး​ အာမခံနဲ့​ လွှတ်​ပေး​ခဲ့​ပါတယ်။ ဖခင် ဦး​အောင်မြင့်​နဲ့​ ပတ်သက်လို့​ ၂၄ နာရီ ​ကျော်လို့​ ရဲစခန်း​ကို ​မေး​ရာမှာ စိတ်​ရောဂါကု ​ဆေး​ရုံကို ပို့​ဆောင် ထား​တယ်လို့​ ​ဖြေဆိုပါတယ်။

ဦး​အောင်မြင့်​ဟာ နိုင်ငံ​တော်အကြည်ညိုပျက်​စေမှုနဲ့​ ၂ ကြိမ် ဖမ်း​ဆီး​ ​ထောင်ချခံရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​ တဦး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013