Bus ကား လောင်စာကို ဖော်ပစ်အက်ဆစ်အသုံးပြုပြီး ထုတ်လုပ်မည် (ရုပ်သံ)

1.7K
REX လို့ခေါ်တဲ့ ဒီနောက်တွဲယာဉ်က ချိတ်ဆွဲပေးမယ့် Bus ကားအတွက် လောင်စာကို တခြား ဘယ်မှာမှ အသုံးမပြုသေးတဲ့ ဖော်မစ်အက်ဆစ် အသုံးပြုပြီး ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
ဒီ REX နဲ့ လောင်စာဆီကို Eindhoven နည်းပညာတက္ကသိုလ်က Fast လို့လိုခေါ်တဲ့အဖွဲ့က တီထွင်ခဲ့တာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင် မော်လီကျူးတခုကို ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးတခုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရည်အသွင်နဲ့ ဖောမစ်အက်ဆစ် ဖြစ်လာပါတယ်။ ဒါက ဟိုက်ဒရိုဂျင်ကို အရည်တခုမှာ သိုလှောင်နိုင်တဲ့ သဘောမျိုးဖြစ်ပြီး လောင်စာအဖြစ် အသုံးပြုဖို့ လွယ်ကူပါတယ်။
ဒီနှစ်ထဲမှာ ပြည်တွင်းပို့ဆောင်ရေးကုမ္ပဏီ VDL က ဒီလို Bus တစ်စီးမှာ REX ကိုချိတ်ပြီး လျှပ်စစ်ကားတွေကို အားသွင်းပေးဖို့ လျှပ်စစ်ဓာတ်အား ထုတ်ပေးမယ့် စမ်းသပ်မှုတခု ပြုလုပ်ဖို့ ရှိပါတယ်။
ဘယ်ဘက်မှာ မြင်နေရတဲ့ အဖြူရောင်အကန့်က ဟိုက်ဒရိုဇင်း သိုလှောင်တဲ့ တိုင်ကီပါ။ အဲဒီကနေ ညာဘက်က အနက်ရောင် ဓာတ်ပြုခန်းဆီကို ပန့်နဲ့ မောင်းထည့်ပါတယ်။ ကျနော်တို့ရဲ့ တီထွင်မှုအသစ် ဖြစ်တဲ့ ဓာတ်ပြုခန်းမှာတော့ ဟိုက်ဒရာဇင်းကို ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များအဖြစ် ဖြိုခွဲလိုက်ပါတယ်။ အဲဒီဓာတ်ငွေ့အရောကို ဘယ်ဘက်က မီးခိုးရောင်စတုရန်းပုံစံ လောင်စာကန်ထဲကို ပို့လိုက်ပါတယ်။ အဲဒီမှာ ဟိုက်ဒရိုဂျင်က လေထဲက အောက်ဆီဂျင်နဲ့ ပေါင်းစပ်ပြီး လျှပ်စစ်စွမ်းအင်အသွင် ပြောင်းသွားပါတယ်။ Bus နဲ့ အခြား အလားတူ အရာများစွာကို စွမ်းအင်ပေးဖို့ ဒီလျှပ်စစ်ကို အသုံးပြုနိုင်ပါတယ်။
ဟိုက်ဒရိုဂျင်ကို ဖိအားမြင့် တိုင်ကီကြီးတွေမှာ ထည့်ပြီး သယ်ဆောင်ရတာထက် ဟိုက်ဒရိုဇင်းက ပိုပြီး ဈေးသက်သာပါတယ်လို့ FAST အဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် ပြန်လည် ဖြည့်တင်းပေးမယ့် ဆီပန့်တွေမှာ အထူးပြုပြင်တပ်ဆင်မှု အနည်းငယ်ပဲ လုပ်စရာ လိုပါတယ်။
"ဒီဇယ်တို့ ဓာတ်ဆီတို့ ဖြည့်တင်းရာ ဆီပန့်တွေနဲ့စာရင် အခု ဟိုက်ဒရိုဇင်းက ကုန်ကျစရိတ် အများကြီး သက်သာသလို ဟိုက်ဒရိုဂျင် သိုလှောင်စရိတ်ထက် အဆ ၁၀၀ သက်သာပါတယ်။ စွမ်းအင်သိပ်သည်းမှုအရ ဟိုက်ဒရိုဂျင်ထက် ၃ ဆပိုမိုပြီး Battery တွေထက် ၄ ဆ ပိုမိုတဲ့အတွက် တူညီတဲ့ ထုထည်မှာ စွမ်းအင်ပိုမိုထုတ်ယူနိုင်ပါတယ်။ ဆိုလိုတာက တူညီတဲ့ ဆီပမာဏမှာ ပိုပြီးကြာကြာ မောင်းနှင်နိုင်မယ့်သဘော ဖြစ်ပါတယ်။"
ဒီနည်းပညာက CO2 ကို ဓာတ်ပြယ်စေတဲ့အပြင် နိုက်ထရစ်အောက်ဆိုဒ်နဲ့ ဆာလဖျူရစ်အောက်ဆိုဒ်တွေ ထုတ်လွှတ်တာမျိုး မရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အများကြီး အကျိုးရှိစေပါတယ်လို့ FAST အဖွဲ့က ဆိုပါတယ်။