Home
မြန်မာသတင်း
အချုပ်ခန်းဖောက်ပြေးသူတဦးကို ပြန်လည်ဖမ်းမိ
Aung Ko Latt
·
September 3, 2017
  မုံရွာမြို့၊ နယ်မြေရဲစခန်း အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသူ ၃ ဦးထဲက ၁ ဦးကို စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ချင်းတွင်းတံတားအနီးမှာ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို ခိုးယူမှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု စတာတွေနဲ့ မုံရွာနယ်မြေရဲစခန်း အချုပ်ခန်းအမှတ် ၂ မှာ ဖမ်းချုပ်ထားသူ ၃ ဦး သြဂုတ် ၂၉ ရက်နေ့ညက ပုဆိုး၊ နှစ်ဖက်သွားပါ သံဖြတ်လွှတို့ကို အသုံးပြုပြီး ထွက်ပြေးခဲ့တာပါ။ "မနေ့က ညနေက နယ်ထိန်းခေါင်းဆောင်၊ ရဲကင်းမှူးတို့က ရှာဖွေဖမ်းဆီးရေးလုပ်နေတုန်း မုံရွာဘက်ကနေ ဆိုင်ကယ်စီးလာတဲ့တယောက်က ဓာတ်ပုံထဲကရုပ်နဲ့တူလို့ ဖမ်းလိုက်တာ ကနေ မိတာပါ။ လောလောဆယ်တော့ (ပ)၅၉၇/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၁၁၄ နဲ့ ချုပ်ရက် ၁၀ လရှိပြီဖြစ်တဲ့ ဆန်းမင်းသူ (ခ) အောင်ကို၊ ရန်ကင်းရပ်ကွက်၊ မုံရွာမြို့ တစ်ယောက်တည်းကိုသာ မိသေးတာပါ။ စစ်ဆေးချက်တွေအရတော့ ပခုက္ကူလမ်းခွဲဘက်မှာ လူစုကွဲသွားတယ်လို့သိရတယ်။ ကျန် ၂ ယောက်ကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးကို ဆောင်ရွက်နေပါတယ်" လို့ မုံရွာမြို့မရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူး ကျင်စိန်က ဒီဗွီဘီကိုပြောပါတယ်။ အချုပ်ခန်းဖောက်ထွင်းမှုဖြစ်တာ ၅ ရက်ရှိပြီဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၆၊၃၇၆၊ ၃၆၃၊ ၁၁၄ နဲ့ ချုပ်ရက် ၁၁ လရှိပြီဖြစ်တဲ့ မင်းထိုက်ဆွေနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ကျင့် ၅၄ နဲ့ ချုပ်ရက် ၈ ရက်သာရှိသေးတဲ့ မိုးဝင်း (ခ) ကိုနိုင်တို့ ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း မုံရွာအကျဥ်းထောင်မှာ မြို့နယ်တရားရုံး ရာဇသတ်ကြီး အမှုအမှတ် ၃၃၀၀/၂၀၁၇၊ ရဲအက် ၃၅(ခ)နဲ့ ပြစ်ဒဏ် ၁ လ ကျခံနေရာတဲ့ ကျော်စိုးနိုင်က ခြံစည်းရိုးအုတ်တံတိုင်းကိုကျော်ပြီး ထွက်ပြေးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။ ထွက်ပြေးတဲ့ အကျဥ်းသားကိုတော့ အဲဒီနေ့မှာပဲ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ အကျဉ်းသားကို မုံရွာမြို့မရဲစခန်းက၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024